ဟန်ဂေရီ ဘူတာရုံမှာ ပြောင်းရွှေ့သူတွေ ထောင်ချီ သောင်တင်နေဆဲ

  • 3 စက်တင်ဘာ 2015
hungary
Image caption ဟန်ဂေရီ ဒုက္ခသည် စခန်းမှာ မှတ်ပုံတင် စာရင်းပေးသွင်း လိုက် ရရင် ဂျာမနီ အပါအဝင် တခြား အနောက် ဥရောပ နိုင်ငံ တွေ ဆီ ခရီးဆက် ဖို့ ခက်သွား မယ့် အပေါ် စိုးရိမ်။

ဟန်ဂရီ နိုင်ငံ မြို့တော်ဘူဒါပက်စ် ရဲ့ အနောက်ဘက် ဘစ်ချ်ကာ ဆိုတဲ့ အရပ်က ဘူတာရုံ မှာ ရပ်ထားရတဲ့ ရထားပေါ်က ရွှေ့ပြောင်း ဝင်ရောက် သူ ထောင်ပေါင်း များစွာသော လူအုပ်ကြီး နဲ့ ဟန်ဂေရီ ရဲ တွေ ကြား အခြေအနေ ဟာ ည အချိန် ရောက်လာ ခဲ့တဲ့ တိုင် အောင် မပြောင်းလဲ ပဲ ဆက်လက် တင်းမာ နေကြဆဲ ဖြစ်ပါတယ်။

ဩစတြီးယား နယ်စပ် ဘက်ကို သွားလိုကြတဲ့ ရွှေ့ပြောင်းသူတွေ စီးနင်း လာတဲ့ ရထားကို ဘစ်ချ်ကာ ဘူတာရုံ မှာ ဟန်ဂေရီ ရဲ တွေ က ဝိုင်းထား ခဲ့ကြပြီး အနီးက ယာယီ စခန်း ရှိရာဆီ ခေါ်သွားဖို့ လုပ်ဆောင် ခဲ့ ကြပါတယ်။

ဟန်ဂေရီ ဒုက္ခသည် စခန်းမှာ မှတ်ပုံတင် စာရင်းပေးသွင်း လိုက် ရရင် ဂျာမနီ အပါအဝင် တခြား အနောက် ဥရောပ နိုင်ငံ တွေ ဆီ ခရီးဆက် ဖို့ ခက်သွား မယ့် အပေါ် စိုးရိမ် စိတ် နဲ့ ဒုက္ခသည် တွေ ဟာ ရဲ တွေ ခေါ် ဆောင်ရာ နောက် ကို လိုက်ဖို့ ငြင်းဆန် ခဲ့ကြတာ ဖြစ်ပါတယ်။

ရထားပေါ် က ဆင်း နှင့်ပြီးတဲ့ သူတွေ တချို့လည်း တွန်းကာ ထိုး ကာနဲ့ ရထားတွဲ တွေ ပေါ် ပြန် တက် သွားကြပြီး၊ အောက်မှာ ရောက် နေတဲ့ သူတွေ ကလည်း နေရာကနေ တုပ်တုပ် မှ မလှုပ် ပဲ ဟန်ဂေရီ ရဲ တွေ ရဲ့ အမိန့်တွေ ကို ဖီဆန် နေကြတာ ဖြစ်ပါတယ်။

ဒီ အချိန်မှာ ပဲ၊ အဲဒီလို ဥရောပ တိုက်ထဲ ပြောင်းရွှေ့ဝင်ရောက် သူတွေကို ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေ တလွှား ခွဲဝေ လက်ခံရေး ကို ဘယ်လို မျှမျှတတ ဖြစ်အောင် လုပ်ဆောင် မလဲ ဆိုတာ နဲ့ ပတ်သက်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် နဲ့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် တို့ က ပူးတွဲ အကြံပြုချက် တစ်စောင် ထုတ်ပြန် မယ် လို့ ဆိုပါတယ်။

စစ်ဖြစ်ရာ ဒေသတွေ က နေ ထွက်ပြေး လာရသူတွေ၊ မူလ တိုင်းပြည်တွေမှာ ကိုယ့်ရဲ့ နိုင်ငံရေး နဲ့ ဘာသာရေးယုံကြည် ချက် တွေ ကြောင့် အနှိပ်စက် အညှင်းပမ်း အပြစ်ယူတာ ခံရနိုင်တဲ့ အန္တရာယ် မျိုး ရှိသူတွေ ကို အကာအကွယ် ပြု ခိုလှုံခွင့် ပေးရမယ် ဆိုတဲ့ EU အဖွဲ့ လိုက်နာ ကျင့်သုံးဖို့ ပဋိညာဉ် ခံထား တဲ့ အတိုင်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ နဲ့ ဆောင်ရွက် ဖို့ လိုတယ် လို့လည်း ဂျာမနီ နဲ့ ပြင်သစ် ခေါင်းဆောင် တွေ က ဆိုပါတယ်။

အခု ကြုံတွေ့ နေရတဲ့ လူဝင်မှု ပြဿနာ အပေါ် ဘယ်လို ကိုင်တွယ် မလဲ ဆိုတဲ့ အပေါ် ဥရောပ ခေါင်းဆောင် တွေ အကြား အတော်လေး သဘောထား ကွဲလွဲ နေပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အိုဘန် က သူ့ နိုင်ငံရဲ့ နယ်ခြား ဝင်ပေါက် တွေ ကို ပိုပြီး တင်းတင်း ကြပ်ကြပ် ထိန်းချုပ်မယ် လို့ ပြောလိုက်ပြီး လူတွေ ဟာ ဂျာမနီ နိုင်ငံကို ဦးတည် စီးဝင် နေတာ ဖြစ်တဲ့ အတွက် ဥရောပ တစ်ခုလုံးရဲ့ ပြဿနာ မဟုတ်၊ ဂျာမနီ ရဲ့ ပြဿနာသာ ဖြစ်တယ် လို့ ပြောခဲ့ ပါတယ်။

ဥရောပ ကောင်စီ ရဲ့ ဥက္ကဌ ဒေါ်နယ်တုစ်ခ် ကတော့ အနည်းဆုံး ဒုက္ခသည် ဦးရေ ၁ သိန်း ကို အီးယူ တလွှား ခွဲဝေ တာဝန် ယူ သွားသင့်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ