မဲဆောက် အထူးစီးပွားရေးဇုံ အမြန် အကောင်အထည်ဖော်ဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

  • 3 စက်တင်ဘာ 2015
_thai_pm_
Image caption ဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချာ ကလည်း မြေ တရား မဝင် အရောင်းအဝယ် လုပ်ရင် အရေးယူမယ် ဆိုပြီး မဲဆောက်ကို ရောက်လာတုန်း သတိပေး

မြန်မာ နဲ့ နယ်စပ်မြို့ ဖြစ်တဲ့ ထိုင်းဘက်ခြမ်း က မဲဆောက်မှာ အထူး စီးပွားရေး ဇုံ အဖြစ် အမြန် အကောင်အထည် ပေါ်လာဖို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချာ ဟာ စက်တာဘာ ၂ ရက် နေ့ က မဲဆောက် ကို ရောက်လာပြီး ဒေသခံ အာဏာပိုင် တွေနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေကို တွန်းအား ပေးခဲ့ပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အသစ် လည်း လာမယ့် ၂ နှစ် ထဲ အပြီး တည်ဆောက် ဖွင့်လှစ် ဖို့ ရှိနေတဲ့ အတွက် အဲဒီ့ ကာလ အတွင်း တပါတည်း မဲဆောက်မှာ ပြီးပြည့်စုံတဲ့ စီးပွားရေး ဇုံကြီး ပေါ်ထွက်လာ ဖို့ ထိုင်းဝန်ကြီး ချုပ်က ရည်မှန်း ထားပါတယ်။

သောင်ရင်း မြစ်ကမ်းဘေး မြေဧက ၆၈၀ဝ ကျော် ကျယ်ဝန်းတဲ့ ဒီ မဲဆောက် အထူးဇုံ စီမံကိန်း အထမြောက် ပြီးစီး နိုင်ရေးရေး မှာ ကြုံတွေ့ နေရတဲ့ အခက်အခဲ တစ်ခု ကတော့ မြေဧက ၈၀ဝ နီးပါး အတွက် လျော်ကြေး ကိစ္စ မပြေမလည် ဖြစ်နေတာပါ ။

အဲ့ဒီ မြေ တွေ ဟာ သစ်တော ပျက်သုဉ်း နေရာ တွေ ကို ဒေသခံ တွေကို ဂရန် မပေးပဲ စိုက်ပျိုး လုပ်ကိုင် စားကြဖို့ ဝေခြမ်း ပေးထားတဲ့ မြေ တွေ ဖြစ်ပြီး ၊ အစိုးရက အခု လျော်ကြေး ပေး ပြန်သိမ်း မယ့် အပေါ် မကျေနပ်မှု တွေ ရှိလာတာပါ။

ထိုင်းအစိုးရက မြေအကျယ် ၁ ရိုင် ( ဧက၀က် ကျော်ကျော်) ကို နိုင်ငံတော်ကို ပြန်အပ်ရင် ဒေါ်လာ ၁၄၀ နှုန်းနဲ့ ညီတဲ့ ဘတ် ၅၀ဝ၀ လျော်ကြေး ပေးမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ဒေသခံ တချို့ ကတော့ မြေတွေ ကို ပုဂ္ဂလိ က ဆီကိုပဲ လက်လွှဲ ရောင်းချ နေတဲ့ အတွက် အဲဒီ့လို ရောင်းချတာ တရား မဝင် ကြောင်း နဲ့ အစိုးရ ဆီကိုပဲ ပြန်လည် အပ် ရမယ် ဆိုပြီး ထိုင်း အာဏာပိုင် တွေ က အမိန့်ထုတ် ထား ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချာ ကလည်း တရား မဝင် အရောင်းအဝယ် လုပ်ရင် အရေးယူမယ် ဆိုပြီး မဲဆောက်ကို ရောက်လာတုန်း သတိပေး သွားပါတယ်။

တကယ်တော့ အခု အငြင်းပွားနေတဲ့ မြေအကျယ်အဝန်းဟာ စီးပွားရေးဇုံ မြေဧရိယာ တခုလုံးရဲ့ ဆယ်ပုံတပုံ လောက်ပဲ ရှိတာမို့ စီမံကိန်းကတော့ အကောင်အထည် ပေါ်လာမှာပဲ ဖြစ်တယ်လို့ မဲဆောက် အခြေစိုက် ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

မဲဆောက် မြို့ထဲ အခု လက်ရှိ မှာကို ထိုင်းနိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းတွေထဲမှာ ပါတဲ့ လိုတပ်စ်၊ မက်ခရို၊ ရော်ဘင်ဆန် လို ကုန်တိုက်တွေ အပါအဝင် ဖို့ဒ်ကားနဲ့ ဆိုင်ကယ် အရောင်းပြခန်းတွေ ဖွင့်လှစ် ထားနိုင်ပြီး ဖြစ်ပါတယ်။

အသစ် တိုးချဲ့မယ့် အထူးစီးပွားရေးဇုံရဲ့ ဧရိယာမှာတော့ ကုန်လှောင်ရုံတွေ အပြင် ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေ စက်မှုဇုံတွေ ပါဝင်မှာ ဖြစ်ပါတယ်။

မဲဆောက် ကို အထူး စီးပွားရေးဇုံ အဖြစ် ဖော်ဆောင်မယ့် ဒီစီမံကိန်းကို ဝန်ကြီးချုပ်ဟောင်း တပ်ဆင် လက်ထက် ၂၀ဝ၄ ခုမှာ စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်း နိုင်ငံရေး အခြေအနေ တွေကြောင့် ရပ်ဆိုင်း သွားခဲ့ပါတယ်။

လက်ရှိ အစိုးရ လက်ထက် ၂၀၁၄ ခုနိုဝင်ဘာလ မှာတော့ ဥပဒေတခု ပြဌာန်းပြီး အကောင်အထည် ဖော်ဖို့ ပြန်ကြိုးစား လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ