ရွှေ့ပြောင်းသူတွေအတွက် ဟန်ဂေရီ ဘတ်စ်ကားတွေ စီစဉ်ပေး

  • 4 စက်တင်ဘာ 2015
hungary_migrants
Image caption ဩစတြီးယား နိုင်ငံ အနေနဲ့ ရွှေ့ပြောင်းသူတွေ ကို လက်ခံ ဖို့ ပြင်ဆင် ထားတယ် လို့ ကြေညာထား။

ဟန်ဂေရီ နိုင်ငံ မှာ ရာပေါင်းများစွာ သော ရွှေ့ပြောင်း ဝင်ရောက်သူ တွေ ဟာ ရဲ အတားအဆီး တွေ ကို အတင်း ချိုး ဖောက် ထွက်လာ ကြပြီး တဲ့ နောက် အနောက် ဥရောပ နိုင်ငံတွေ ဆီ ခရီးဆက် နိုင်ဖို့ လမ်းလျှောက် နေကြ တာမှာ အခုဆို ဟန်ဂေရီ အစိုးရ က အဲဒီ့သူတွေ အတွက် ဘတ်စ် ကားတွေ စေလွှတ် ပေး လိုက်ပြီ ဖြစ်ပါတယ်။

မြို့တော် ဘူဒါပက်စ် ဘူတာရုံ မှာ ရက် အတန်ကြာ သောင်တင် ခဲ့ရတဲ့ ထောင် ဂဏာန်း နီးပါး ရှိတဲ့ ရွှေ့ပြောင်းသူတွေ ဟာ ဩစတြီးယား ထိ ရောက်အောင် ခြေလျင် လျှောက်မယ် ဆိုပြီး ထွက်ခွာ လာကြတာ ဖြစ်ပါတယ်။

ဘူဒါပက်စ် အနောက်ဘက် ဘစ်ချ်ကာ ဆိုတဲ့ အရပ် က ဘူတာရုံ မှာလည်း ရဲတွေ ပိတ်ဆို့ မှု ကနေ ရွှေ့ပြောင်းသူ ရာပေါင်း များစွာ လွတ်မြောက် လာခဲ့ ကြပြီး ရထားသံလမ်း တလျှောက် လမ်းလျှောက် နေကြ ပါတယ်။

ဩစတြီးယား နိုင်ငံ အနေနဲ့ ရွှေ့ပြောင်းသူတွေ ကို လက်ခံ ဖို့ ပြင်ဆင် ထားတယ် လို့ ဩစတြီးယား ပြည်ထဲရေး ဝန်ကြီး ရဲ့ ပြောခွင့်ရ သူ က ပြောဆို ခဲ့ အပြီး နာရီ အနည်းငယ် အကြာ မှာ ပဲ ဟန်ဂေရီ ဘက်ကလည်း လမ်းလျှောက် နေသူ တွေ အတွက် ဘတ်စ် ကားတွေ စေလွှတ် ပေးလာ ခဲ့တာပါ။

ဒီ အချိန်မှာပဲ၊ ဥရောပတိုက်ထဲ ရွှေ့ပြောင်း ဝင်ရောက် သူတွေ ကို သတ်မှတ်ရာ ဦးရေ အတိုင်း ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တွေ အနေနဲ့ မယူမနေရ ဝေပုံကျ ခွဲဝေ လက်ခံ ရမယ် ဆိုပြီး ချမှတ် လာမှာ ကို ဟန်ဂေရီ အပါအဝင်၊ ပိုလန်၊ ချက်ရီပတ်ဘလစ် နဲ့ ဆိုလိုဗက်ကီးယား နိုင်ငံတွေ ရဲ့ ခေါင်းဆောင် တွေက သဘောမတူ ဘူး ဆိုပြီး ပြောလိုက် ပါတယ်။

ဥရောပ ကော်မရှင် ရဲ့ အားပေး ထောက်ခံမှု နဲ့ အီးယူတလွှား ဒုက္ခသည်တွေ ခွဲဝေ လက်ခံရေး လုပ်ဆောင် ဖို့ ဂျာမနီ နဲ့ ပြင်သစ် တို့က ဆော်ဩ တိုက်တွန်း နေကြတာ ဖြစ်ပါတယ်။

တခါ၊ အဲဒီ့ ခွဲဝေ လက်ခံ ရေး မူ နဲ့ သက်ဆိုင်မှု မရှိပဲ ဆီးရီးယား ဒုက္ခသည် ထောင်ဂဏာန်း တချို့ ထပ်မံ လက်ခံမယ် လို့ ဗြိတိန် နိုင်ငံ က ပြောလိုက် ပါတယ်။

ဗြိတိန် နိုင်ငံ က ထပ်မံ လက်ခံမယ် ဆိုတဲ့ ဒုက္ခသည် တွေ ကို ဥရောပ ဆီ ထွက်လာ နှင့်ပြီးသား သူတွေ ထက် စာရင် ဆီးရီးယား နဲ့ အိမ်နီးနားချင်း ဒုက္ခသည် စခန်း တွေ ထဲ ကနေ ရွေးချယ် ခေါ်ယူ လိုတယ် ဆိုပြီး ဝန်ကြီးချုပ် ကင်မရွန်း က ဆိုပါတယ်။