ရွှေ့ပြောင်း ဒုက္ခသည်တွေကို သြစတြီးယားနဲ့ ဂျာမနီ ကြိုဆို

  • 6 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ရွှေ့ပြောင်း ဒုက္ခသည်တချို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့ကို ရောက်ရှိလာ

ဟန်ဂေရီနိုင်ငံကနေ သြစတြီးယားနိုင်ငံ နယ်စပ်ဆီ တဖွဲဖွဲ ရောက်လာနေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် တသောင်းလောက်ကို ဗီယန်နာမြို့ဆီ ရထားတွေနဲ့ အလီလီ ပို့ဆောင်ပေးနေရာမှာ စနေနေ့ညအတွက် နောက်ဆုံးရထား ထွက်ခွာလာပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ နောက်ထပ် ရထားတွေ ထပ်ပို့ပေးမယ်လို့ သြစတြီးယား အာဏာပိုင်တွေက ပြောပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တချို့ကတော့ ဂျာမနီနိုင်ငံ မြူးနစ်မြို့ဆီ ရောက်သွားကြပြီ ဖြစ်ပြီး သူတို့ကို အဲဒီမှာ အရေးပေါ် မှတ်ပုံတင် စခန်းတွေ ဖွင့်ပြီး လက်ခံထားပါတယ်။

မြူးနစ်မြို့ကို ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို မြို့ခံတွေက လက်ခုပ်လက်ဝါးတီး ကြိုဆိုခဲ့ကြပြီး ရွှေ့ပြောင်း ကလေးငယ်တွေကို သကြားလုံးတွေ ဝေပေးခဲ့ကြပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် Angela Merkelက အခုလို လူတွေ ရောက်လာတာကို ဂျာမနီ အစိုးရအနေနဲ့ အခွန်တွေတိုးကောက်တာမျိုး၊ ဘတ်ဂျက် အသုံးစရိတ်ကို ထိခိုက်စေတာမျိုး မရှိပဲ ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း ရွှေ့ပြောင်း ဒုက္ခသည်တွေကို ကူညီဖို့ အခုနောက်ဆုံး လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေဟာ ပဋိပက္ခ အကြပ်အတည်းကြီး ဖြစ်မလာအောင် ရှောင်လွှဲဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပြီး ရေရှည် လုပ်သွားမှာတော့ မဟုတ်ဘူးလို့ ဂျာမနီနိုင်ငံရော ဟန်ဂေရီနိုင်ငံကပါ ပြောပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေ ပထမဆုံး ရောက်တဲ့ နိုင်ငံတွေမှာပဲ ခိုလှုံခွင့် တောင်းခွင့် ရှိတယ် ဆိုတဲ့ EU ဥရောပ သမဂ္ဂရဲ့ စည်းမျဉ်းကို နှစ်နိုင်ငံစလုံးက အနာဂတ်မှာ လိုက်နာ သွားမယ်လို့ ဂျာမနီ ဝန်ကြီးချုပ် Angela Markel ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဟန်ဂေရီနိုင်ငံမှာတော့ ရွှေ့ပြောင်း ဒုက္ခသည် ရာပေါင်းများစွာဟာ သြစတြီးယား နယ်စပ်ကို သွားဖို့ ရထားတွေပေါ် ရောက်နေကြပြီ ဖြစ်ပါတယ်။

သူတို့ကို အထူး ဘတ်စ်ကားတွေနဲ့ ပို့ပေးတော့မှာ မဟုတ်ဘူးလို့ ရဲချုပ်က ပြောပါတယ်။