ဒုက္ခ​သည်​တွေ​ခွဲဝေ​လက်ခံ​ရေး ကတိ​မ​ပေး​နိုင်​ဘူး​လို့ EU တချို့​နိုင်ငံ​တွေဆို

  • 7 စက်တင်ဘာ 2015
_lesbos_migrants_
Image caption ဂရိ နိုင်ငံ ရဲ့ အရှေ့ဘက်ပိုင်း အေဂျိအန် ပင်လယ်ထဲက လက်စ်ဘော့စ် ဆိုတဲ့ ကျွန်းပေါ် ကို တူရကီ ဘက်က ရွှေ့ပြောင်း သူ တစ်သောင်း ခုနှစ်ထောင် ကနေ နှစ်သောင်းခွဲ ကြားထဲ ရောက် လာကြ။

ဥရောပထဲ ဝင်ရောက် လာကြတဲ့ ရွှေ့ပြောင်း အခြေချသူတွေ ကို ပြင်သစ် နဲ့ ဂျာမနီ နိုင်ငံတွေ က ဆော်ဩ နေကြသလို ဥရောပ သမဂ္ဂဝင် နိုင်ငံတွေ ကြား သတ်မှတ်ရာ အရေ အတွက် အလိုက် ဝေပုံကျ ခွဲဝေ လက်ခံ ကြဖို့ နဲ့ ပတ်သက်ပြီး ဘယ်လို ကတိကဝတ် မျိုးမှ မပြု လုပ် နိုင်ဘူး ဆိုပြီး ချက်ရီပတ်ဘလစ်၊ ဆလိုဗက်ကီးယား နဲ့ ရိုမေးရီးယား နိုင်ငံတွေ က ငြင်း ဆိုလိုက် ပါတယ်။

လက်ရှိ ကြုံတွေ့ နေရတဲ့ လူဝင်မှု ဆိုင်ရာ အကြပ်အတည်း ကို ဖြေရှင်းရာမှာ နိုင်ငံအလိုက် ကိုယ်တတ်နိုင်ရာ ကိုယ့်သဘော ဆန္ဒနဲ့ ဝင်ရောက် ကူညီကောင်း ကူညီမှာ ဖြစ်ပေမယ့် ဘယ်လို ပဋိညာဉ် မျိုးမှတော့ ခံ မှာ မဟုတ်ဘူး လို့ ချက် နဲ့ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ၂ ဦး စလုံးက ဆိုပါတယ်။

ရွှေ့ပြောင်းသူတွေ ကို မယူမနေရ လက်ခံ ရမယ် ဆိုတာ ဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မဟုတ်ဘူးဆိုပြီး ရိုမေးနီးယား သမ္မတ Klaus Iohannis ကလည်း ပြောပါတယ်။

ဒီအချိန်မှာ ဗြိတိန် နိုင်ငံကတော့ ဆီးရီးယား ဒုက္ခသည် ၂ သောင်း လောက် ထိ ကို ထပ်မံ လက်ခံမယ် ဆိုပြီး ကမ်းလှမ်း လိုက် ပါတယ်။

ဒါပေမယ့် ဥရောပ ကို ထွက်ပြေး လာနှင့် ကြပြီးသူတွေ ထဲက မဟုတ်ပဲ၊ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေ က ဒုက္ခသည် စခန်း တွေမှာ ရောက်ရှိနေသူ တွေ ထဲ က ခေါ်ယူ မှာ ဖြစ်တယ် လို့ ဗြိတိန် က ဆိုပါတယ်။

ဟန်ဂေရီ နိုင်ငံ မှာတော့ ဆားဘီးယား နယ်စပ် အနီး ရူးစကာ ဆိုတဲ့ ရွာ နားမှာ ထားရှိ ထားတဲ့ ရွှေ့ပြောင်းသူတွေ အတွက် ယာယီစခန်း ကနေ ရာပေါင်း များစွာသော ရွှေ့ပြောင်းသူတွေ ဟာ ရဲ အတားအဆီးတွေ ကို ချိုးဖောက် ထွက် လာ ကြပါတယ်။

ရဲတွေ က ငရုတ်ကောင်းရည် နဲ့ ဖျန်းပက်ပြီး လူအုပ်ကို ထိန်းနိုင်ဖို့ ကြိုးစား ခဲ့ကြတယ် လို့ သတင်း အချို့က ဆိုပါတယ်။

သူတို့ဟာ အခုဆိုရင် မြို့တော် ဘူတာပက်စ် ကို ရောက် နိုင်တဲ့ ကားလမ်းမ တွေ အတိုင်း ခြေလျင်ခရီး နှင်လျက် ရှိကြပါတယ်။

တခါ၊ ဂရိ နိုင်ငံ ရဲ့ အရှေ့ဘက်ပိုင်း အေဂျိအန် ပင်လယ်ထဲက လက်စ်ဘော့စ် ဆိုတဲ့ ကျွန်းပေါ် ကို တူရကီ ဘက်က ရွှေ့ပြောင်း သူ တစ်သောင်း ခုနှစ်ထောင် ကနေ နှစ်သောင်းခွဲ ကြားထဲ ရောက် လာကြတဲ့ အတွက် ကျွန်းတစ်ခုလုံး မဆန့်ရင်ကာ ဖြစ်နေပြီ ဆိုပြီး ဂရိ ရဲ့ လူဝင်မှု ဆိုင်ရာ ဝန်ကြီး ယားနစ် မူဇားလတ်စ် က ဆိုပါတယ်။

အဲဒီ့ထဲ က အနည်းဆုံး ၃ပုံ၂ပုံ ကို ဂရိ နိုင်ငံ ပင်မ ကုန်းမြေ ဆီ နောက် ၅ ရက် အတွင်း ခေါ်ယူ မယ် လို့လည်း မစ္စတာ မူဇားလတ်စ် က ပြောပါတယ်။

အခုဆိုရင် ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ဖြစ်တဲ့ UNHCR ကလည်း လက်စ်ဘော့စ် ကျွန်းပေါ် ရောက်လာ ကြတဲ့ ရွှေ့ပြောင်း သူတွေ အရေး နဲ့ ပတ်သက်ပြီး ဂရိ အစိုးရ ကို ကူညီ ဆောင်ရွက် ပေးနေ ပါတယ်။