ကာတာ တပ်သား ၁၀၀၀ ယီမင်ကို ပို့လွှတ်

  • 7 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကာတာ တပ်ဖွဲ့ဝင်တွေ ထပ်လွှတ်ဦးမယ် ဆိုတဲ့ သတင်းတွေ ရရှိ။

ကာတာ နိုင်ငံက သူ့ရဲ့ မြေပြင် တပ်ဖွဲ့တွေကို ပထမဆုံး အကြိမ် ယီမင် နိုင်ငံထဲကို ပို့လွှတ် လိုက်တယ်လို့ ဒိုဟာ အခြေစိုက် အယ်ဂျာဇီးယား သတင်းတွေအရ သိရပါတယ်။

ကာတာရဲ့ မြေပြင် တပ်ဖွဲ့ဝင် တစ်ထောင်ဟာ သံချပ်ကာ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေ နဲ့အတူ ယီမင်နိုင်ငံ မာရစ်ဘ် ပြည်နယ်ကို ဦးတည် သွားရောက် ခဲ့တယ်လို့ ဆိုပါတယ်။

မာရစ်ဘ် ပြည်နယ်က စစ်စခန်း တစ်ခုမှာ ပြည်ခဲ့တဲ့ သီတင်းပတ်က ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် တပ်သား ၆၀ သေဆုံး ခဲ့ပါတယ်။ ဟွတ်သီ သူပုန်တွေက ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ဆာဖာ မြို့က လက်နက်ရုံတစ်ခု ထိမှန်ခဲ့ရာမှာ ယူအေအီး တပ်ဖွဲ့ဝင် ၄၅ ယောက်၊ ဆော်ဒီက ၁၀ ယောက်၊ ဘာရိန်းက ၅ ယောက် သေဆုံး ခဲ့တာပါ။

အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယူအေအီး နိုင်ငံရဲ့ တိုက်လေယာဉ်တွေက ယီမင် အနှံ့မှာ ရှိတဲ့ သူပုန် ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက် ခဲ့ကြပါတယ်။

ဟွတ်သီ သူပုန်တွေ လက်အောက် ကျရောက်နေတဲ့ ယီမင် နိုင်ငံ အနှံ့အပြားကို ပြန်လည် ထိန်းချုပ်နိုင်ဖို့နဲ့ ယီမင် သမ္မတဟောင်း ပြန်လည် အာဏာ ရရှိဖို့ အတွက် ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်တွေက ကြိုးစား နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ