စတုန်းဟန့်ချ် အနီးမှာ ကျောက်တုံးမှတ်တိုင်တွေ ထပ်တွေ့

  • 7 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် PA
Image caption အခု တွေ့ရှိတဲ့ နေရာဟာ ရှိပြီးသား စတုန်းဟန့်ချ်ထက် ဧရိယာ ၅ ဆောက် ကြီးတဲ့အတွက် စူပါဟန့်ချ်လို့ superhenge ခေါ်နေကြ။

အင်္ဂလန် နိုင်ငံ တောင်ပိုင်းက ကမ္ဘာကျော် စတုန်းဟန့်ချ် Stonehenge အနီး မြေကြီးအောက်မှာ နောက်ထပ် ရှေးဟောင်း ကျောက်တုံး အများအပြားကို စီတန်းလျက် တွေ့ရှိ ခဲ့ရတဲ့အတွက် ဒါဟာ ယူကေ နိုင်ငံရဲ့ အကြီးဆုံး ရှေးဟောင်း ကျောက်တုံး မှတ်တိုင်တွေ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယုံကြည် နေကြပါတယ်။

စတုန်းဟန့်ချ် တဝိုက် မြေပုံကို မှတ်တမ်းတင်ဖို့ အတွက် သုတေသန ပညာရှင်တွေက မြေအောက်ကို မြင်နိုင်တဲ့ ရေဒါကို သုံးရာမှာ အရေအတွက် ၁၀၀ နီးပါး ရှိတဲ့ ကျောက်တုံးတွေကို တန်းစီလျက်သား ထပ်မံ တွေ့ခဲ့ရတာပါ။

စတုန်းဟန့်ချ်နဲ့ ၂ မိုင်ခန့် အကွာက မြေကြီးအောက် ၃ ပေ အနက်မှာ တည်ရှိနေတဲ့ အဲဒီ ကျောက်တုံး မှတ်တိုင်တွေဟာ ကျောက်ခေတ်နှောင်းပိုင်း လက်ရာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

အဲဒီ ကျောက်တုံးတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၄၅၀၀ ရှိပြီး တချို့က ၁၅ ပေ နီးပါး (၄ မီတာခွဲ)အထိ အမြင့် ရှိကြတယ်လို့ ဆိုပါတယ်။

အခု တွေ့ရှိတဲ့ နေရာဟာ ရှိပြီးသား စတုန်းဟန့်ချ်ထက် ဧရိယာ ၅ ဆောက် ကြီးတဲ့အတွက် စူပါဟန့်ချ်လို့ superhenge ခေါ်ဝေါ် နေကြပါတယ်။

အဲဒီ ကျောက်တုံးတွေကို တူးဖော်ခြင်း မပြုရသေးသလို၊ စတုန်းဟန့်ချ်နဲ့ ဆက်သွယ်မှု ရှိမရှိကိုလည်း မသိရသေးပါဘူး။

ဒါပေမယ့် ပညာရှင် တချို့ကတော့ တချို့ ကျောက်တုံးတွေဟာ နေ့တာ အတိုဆုံး ဖြစ်တဲ့ ဆောင်းယာဉ်စွန်းချိန်မှာ ထွက်တဲ့ နေနဲ့ တစ်တန်းတည်း ဖြစ်အောင် ချိန်ညှိပြီး စိုက်ထူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။