ဒုက္ခသည်လက်ခံရေး အမေရိကန် က ကူညီမယ်လို့ပြော

  • 8 စက်တင်ဘာ 2015
eu_migrants_304x171_ ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပ ရောက် ဒုက္ခသည်များ

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရုံးမှ အကြီးအကဲ အင်တိုနီယို ဂူတားရက်ရှ် က ဥရောပ သမဂ္ဂ ဟာ ဒုက္ခသည် အဖြစ် ထွက်ပြေး ခိုလှုံလာသူတွေ အရေး ကိုင်တွယ်ရာမှာ နည်းစနစ်မကျ တဲ့ အကြောင်း ဝေဖန် လိုက်ပါတယ်။ တကယ်တော့ ဥရောပ ဟာ စနစ်တကျ နဲ့ သာ ကိုင်တွယ် ဖြေရှင်း နိုင်ရင် အခု ရောက်လာကြတဲ့ ဒုက္ခ သည်တွေ ကို နေရာချထားရေး အတွက် နေရာ ထိုင်ခင်း အကျယ် အဝန်းရှိကြောင်း ထောက်ပြပါတယ်။

တဖက် မှာ လည်း အမေရိကန် ပြည်ထောင်စု က ဥရောပ ရင်ဆိုင်နေရတဲ့ ပြဿနာ ကို တနည်းတဖုံ ဖြေရှင်းပေးနိုင်ရေး အတွက် စဉ်းစားပေးနေတဲ့ အကြောင်း အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ်အားနက်စ် က ပြောပါတယ်။ အခုရင်ဆိုင်နေရတဲ့ ပြဿနာ ဟာ အသစ်အဆန်းတော့ မဟုတ် လို့ အမေရိကန် ဘက်ကလည်း ဥရောပ နိုင်ငံတွေ ရဲ့ အခက်အခဲ ကို ကူညီ ဖြေရှင်းပေးဖို့ စဉ်းစားနေ တဲ့ အကြောင်း၊ ပြဿနာ အနေနဲ့ အသစ်အဆန်း မဟုတ်ပေမဲ့ အခြေအနေ က ဝန်ထုတ် ဝန်ပိုး လို ပိုဆိုးလာတဲ့ အသွင် ဆောင်နေတာကို လည်း သိပါတယ် လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဥရောပဘက် ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဟာ ခိုလှုံခွင့် ပေးထိုက်သူတွေ ပါ လို့ ပြောတဲ့ အကြောင်း ဘန်ကီမွန်း ရဲ့ ပြောခွင့် ရ အရာရှိ စတက်ဖန်း ဒူရှာရိခ် က ရှင်းပြ ရာမှာ အတွင်းရေးမှူးချုပ် ဟာ သြစတြီးယား ချက်ပြည်ထောင်စု၊ ဂျာမနီ၊ ဂရိ၊ဟန်ဂေရီ၊ ပိုလန် နဲ့ ဆလိုဗက်ကီးယား နိုင်ငံ ခေါင်းဆောင်တွေ နဲ့ ဆက်သွယ် စကားပြောတဲ့ အခါမှာ ဒီဒုက္ခသည်တွေ ဟာ စစ် နဲ့ အကြမ်းဖက်မှု တွေ က ထွက်ပြေး လာကြရတဲ့ အတွက် လူသားဆန်ဆန်၊ တာဝန်ရှိရှိ လက်ခံဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဒီနိုင်ငံတွေ ရဲ့ အခက်အခဲ နဲ့ စိမ်ခေါ်မှု ခံရတာ ကိုလည်း အသိအမှတ် ပြုကြောင်း ရှင်းပြ တာပါ။ ကုလ သမဂ္ဂ ဘက်ကလည်း ကူညီစရာ တွေ ပံ့ပိုး ပေးမဲ့ အကြောင်းနဲ့ ဒီလ ၃၀ ရက် နေ့ မှာ အဆင်မြင့် အစည်းအဝေး နယူးယောက် မှာ ကျင်းပမဲ့ အကြောင်းလည်း ပြောပါတယ်။