ကိုရီးယားနှစ်နိုင်ငံ မိသားစုတွေ ပြန်ဆုံပွဲ လုပ်ပေးမယ်

  • 8 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အခု ဆုံတွေ့ပွဲ ပြုလုပ်မယ့် ကမ်ဂန်း တောင်ပေါ်က အပန်းဖြေစခန်း နေရာမှာပဲ ၂၀၁၄ ဖေဖော်ဝါရီက ဆုံတွေ့ပွဲ တစ်ခု ပြုလုပ်ခဲ့။

ကိုရီးယား စစ်ပွဲ ပြီးကတည်းက ခွဲခွာ နေကြရတဲ့ ကိုရီးယား မိသားစုတွေ အတွက် ပြန်လည် ဆုံတွေ့ပွဲ လုပ်ဖို့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ အစိုးရတွေ သဘောတူ လိုက်ပါတယ်။

မိသားစု ပြန်လည် ဆုံတွေ့ပွဲကို လာမယ့် အောက်တိုဘာ လထဲမှာ မြောက်ကိုရီးယား ဘက်ခြမ်း ကမ်ဂန်း တောင်ပေါ်က အပန်းဖြေစခန်း တစ်ခုမှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ မိုင်းကွဲမှုကြောင့် တောင်ကိုရီးယား စစ်သား နှစ်ဦး ဒဏ်ရာ ရခဲ့လို့ တင်းမာမှုတွေ မြင့်တက် လာရာမှာ ပြီးခဲ့တဲ့ လက နှစ်နိုင်ငံ အကြား အဲဒီ တင်းမာမှုတွေကို ဖြေလျှော့ဖို့ သဘောတူခဲ့ပြီးနောက် ခုလို ဆုံးဖြတ်ချက် ပေါ်ထွက် လာတာပါ။

ကိုရီးယား မိသားစု ထောင်ပေါင်း များစွာဟာ ကိုရီးယား စစ်ပွဲ ပြီးဆုံးတဲ့ ၁၉၅၃ ခုနှစ် ကတည်းက ပြန်လည် ဆုံတွေ့ခွင့် မရခဲ့ဘဲ ကွဲကွာ နေကြရတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က စတင်ပြီး ခုလို မိသားစု ပြန်လည် ဆုံတွေ့ပွဲတွေကို နှစ်စဉ် ပြုလုပ် ပေးခဲ့ပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုဆိုးလာတဲ့ နောက်ပိုင်း နှစ်တွေမှာတော့ ဆုံတွေ့ပွဲတွေကို အကြိမ် အတော်များများ ဖျက်သိမ်း ခဲ့ကြရပါတယ်။

မိသားစုတွေနဲ့ ပြန်တွေ့ဖို့ စောင့်နေတဲ့ စာရင်းမှာ ခုချိန်အထိ တောင်ကိုရီးယား နိုင်ငံသား ၆ သောင်း ၆ ထောင်လောက် ကျန်ရှိနေပြီး အဲဒီ အထဲမှာ အသက် ၈၀ ကျော် အရွယ်တွေ အများအပြား ပါဝင်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အောက်တိုဘာ ၂၀ ကနေ ၂၆ အထိ ပြုလုပ်မယ့် အခုပွဲမှာ ဆုံတွေ့ကြဖို့ တောင်နဲ့ မြောက် တစ်နိုင်ငံစီက လူ အယောက် ၁၀၀ စီ ရွေးချယ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ