ယူကေ ဒရုန်းတိုက်ခိုက်မှု ထပ်လုပ်နိုင်ဖွယ်ရှိ

  • 8 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် PA
Image caption အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ယူကေ နိုင်ငံသား ၂ ယောက်ကို ကိုင်တွယ်ဖို့ တခြား နည်း မရှိဘူးလို့ မိုက်ကယ် ဖယ်လန်က ပြော။

အကြမ်းဖက် တိုက်ခိုက်မှု အလားအလာတွေကို တားဆီးဖို့အတွက် ယူကေ နိုင်ငံ အနေနဲ့ ဆီးရီးယား နိုင်ငံထဲမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကို ထပ်မံ ပြုလုပ်ဖို့ နှောင့်နှေးမှာ မဟုတ်ကြောင်း ယူကေ ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖယ်လန်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ ဖြစ်ပွားခဲ့တဲ့ ယူကေ နိုင်ငံသား IS အဖွဲ့ဝင် ၂ ယောက်ကို ဗြိတိသျှ တော်ဝင် လေတပ်က ဒရုန်းနဲ့ တိုက်ခိုက် သတ်ဖြတ်ခဲ့မှုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ဆောင်ရွက်မှု ဖြစ်လို့ ဥပဒေကြောင်းနဲ့ ညီညွတ်တယ် လို့လည်း သူက ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ လွန်ခဲ့တဲ့ ၂ နှစ်က ယူကေ ပါလီမန် အမတ်တွေက ငြင်းပယ် ခဲ့ကြတာ ဖြစ်ပြီး၊ အခုလို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပေါ်ထွက်လာတဲ့ ဥပဒေကြောင်း ဆိုင်ရာ မေးခွန်းတွေကို ယူကေ ဝန်ကြီးတွေ ဖြေရှင်း နေရတာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယားနိုင်ငံ ရက္ကာမြို့မှာ ဗြိတိန် တော်ဝင် လေတပ်က အဝေးထိန်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ ယူကေ နိုင်ငံသား IS အဖွဲ့ဝင် ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့တာပါ။

အဲဒီ တိုက်ခိုက်မှုဟာ ယူကေ နိုင်ငံသားကို ယူကေ နိုင်ငံက ပစ်မှတ်ထား တိုက်ခိုက်တဲ့ ပထမဆုံး ဒရုန်း တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ