ရှေးဦး လူ့မျိုးစိတ်က အရိုးစုတွေ တွေ့ရှိ

  • 10 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဟိုမိုနယ်လဒီ မျိုးစိတ်ဝင်တွေရဲ့ ကာယ ဖွဲ့စည်းပုံမှာ ခေတ်သစ်နဲ့ ရှေးဦး လက္ခဏာတွေ ပေါင်းစပ် တည်ရှိနေ။

ခေတ်သစ် လူသားနဲ့ ဆင်တူပေမယ့် ကွဲပြားတဲ့ လူသား မျိုးစိတ်ထဲက ၁၅ ဦးရဲ့ အရိုးစုတွေကို တောင်အာဖရိက နိုင်ငံက လှိုဏ်ဂူ တစ်ခုရဲ့ အတွင်းပိုင်းထဲက ဂူသင်္ချိုင်း တစ်ခုမှာ သိပ္ပံ ပညာရှင်တွေ တွေ့ရှိ ခဲ့ကြပါတယ်။

ယောက်ျား၊ မိန်းမ၊ အသက်အရွယ် အမျိုးမျိုး ပါဝင်တဲ့ ၁၅ ဦးရဲ့ တပိုင်းတစ အရိုးစုတွေကို တပြိုင်တည်း တွေ့ရမှုဟာ အာဖရိက တိုက်မှာ တွေ့ခဲ့ရသမျှတွေထဲ တစ်ကြိမ်တည်း အကြီးဆုံး တွေ့ရမှု ဖြစ်ပါတယ်။

အခု တွေ့ရှိမှုကြောင့် ရှေးဦး လူသားတွေနဲ့ ပတ်သက်တဲ့ အယူအဆတွေကို ပြောင်းလဲ စေလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီတွေ့ရှိမှုနဲ့ ပတ်သက်ပြီး လေ့လာချက်ကို သိပ္ပံ ဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့ရာမှာ အဲဒီ လူတွေမှာလည်း ရိုးရာဓလေ့ ထုံးတမ်းတွေ ရှိတယ် ဆိုတာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဟိုမို နယ်လဒီ Homo naledi လို့ ခေါ်တဲ့ လူမျိုးစိတ်က ဖြစ်ပြီး ခေတ်သစ် လူသားတွေရဲ့ Homo မျိုးရင်းထဲမှာ အပါအဝင် ဖြစ်ပါတယ်။

အဲဒီ လူမျိုးစိတ်ဟာ ခေတ်သစ် လူသားတွေရဲ့ ဟိုမို မျိုးရင်းမှာ ပထမဆုံး မျိုးစိတ် ဖြစ်နိုင်ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သန်းအထိ အာဖရိကမှာ နေထိုင် ခဲ့ကြဖွယ် ရှိတယ်လို့ ဒီအရိုးစုတွေကို တွေ့ခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ပရိုဖက်ဆာ Lee Berger က ဘီဘီစီကို ပြောပါတယ်။