ဂျာမဏီ --- စာနာတတ်တာလား၊ ဆုံးဖြတ်ချက် လွဲသွားတာလား

  • 11 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ဂျာမဏီက နွေးထွေးစွာ ကြိုဆို။

တင်းကျပ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဖန်တီးလိုတယ်လို့ အချိန်အတော်ကြာ ပြောဆိုဝေဖန်ခံခဲ့ရတဲ့ ဂျာမဏီနိုင်ငံဟာ ချီးကျူးသံတွေ စတင်ကြားနေရပြီ ဖြစ်ပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဂျာမဏီနိုင်ငံက လူကျင့်ဝတ်ကို ဦးဆောင်ပြသလိုက်ရုံသာမက ဂျာမန်ပြည်သူတွေကလည်း ဒုက္ခသည်တွေအပေါ် သနားကြင်နာမှုကို ပြသလိုက်ပါတယ်။

ဒုက္ခသည်တွေ ဝင်ရောက်လာတဲ့အပေါ် ဂျာမန်ပြည်သူတွေရဲ့ ကြိုဆိုမှုဟာ အံဩ စိတ်လှုပ်ရှားစရာလို့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဥရာပနိုင်ငံအများအပြားကတော့ ဂျာမန်တို့လို ဒုက္ခသည်တွေကို ဂျာမဏီက ကြိုဆိုပါတယ် ဆိုတဲ့ ပြတ်ပြတ်သားသာကြွေးကြော်သံနဲ့ လက်ခံတာမျိုး မရှိခဲ့ပါဘူး။

အခုဆိုရင် ပြည်နယ် ဂျာမန်ဝန်ကြီးချုပ်က ဂျာမဏီက အခု ရွှေ့ပြောင်းဒုက္ခသည် ၈ သိန်း လက်ခံမယ်ဆိုတာကို လူသိရှင်ကြား ပြောကြားခဲ့ပြီး နှစ်စဉ် ဒုက္ခသည် ၅ သိန်း၊ နှစ်ပေါင်းများစွာ လက်ခံသွားဖို့ကိုလည်း ဂျာမန် ဒု-ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

နောက်ထပ် အသစ်ရောက်လာမယ့် ဒုက္ခသည်တွေအတွက် ကုန်ကျစရိတ် ယူရိုငွေ ၆ ဘီလီယံ ရှိလိမ့်မယ်လို့ ဂျာမန်အစိုးရက ပြောဆိုထားပါတယ်။

စိန်ခေါ်မှု

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွှေ့ပြောင်းဒုက္ခသည်အရေးဟာ ဥရောပမှာ အရေးအကြီးလို့ မစ္စ Merkel က ရှုမြင်။

ယူရိုဇုန်ရဲ့ ကံကြမ္မာက သူ့ရဲ့ ကောင်းမွေ ဆိုးမွေကို ဆုံးဖြတ်လိမ့်မယ်လို့ နှစ်ပေါင်းများစွာကတည်းက Angela Merkel ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ သူ့ရဲ့ ကာလရှည်ကြာ ဝန်ကြီးချုပ်သက်တန်းအတွင်း သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို အခု ဒုက္ခသည်အကျပ်အတည်းက ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံဟာ ပြည်ပက လူပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာတဲ့ အတွက် ဝမ်းသာရပါတယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီဒုက္ခသည် ကိစ္စအပေါ် ဝေဖန်ပြောဆိုမှုတွေ ကတော့ ရှိနေဆဲဖြစ်ပါတယ်။

ဂျာမဏီက သူ့ရဲ့ဦးဆောင်မှုကို ပြချင်ပုံရပေမယ့် အတွေ့အကြုံမရှိသေးတာ အန္တရာယ် ရှိနိုင်ပါတယ်။

ဥရောပတိုက်ကို ထိန်းမနိုင်သိမ်းမရ ကမ္ဘာအနှံ့က လူတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့ဝင်ရောက်လာအောင် စလုပ်တာပဲလို့ ပြောဆိုစွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေ အီးယူအတွင်း ဘယ်နိုင်ငံကိုပဲ ဝင်ဝင် သူတို့အနေနဲ့ လက်ခံနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဂျာမဏီက ပြောဆိုလိုက်တာဟာ အခု တင်းကျပ်ထားတဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးမယ်ဆိုတဲ့ လက္ခဏာကို အချက်ပြလိုက်သလို ဖြစ်သွားစေပါတယ်။

အခုလို ချမှတ်လိုက်တဲ့ ပေါ်လစီဟာ ဆီးရီးယားနဲ့ အီရတ် စစ်ဘေးဒဏ်တွေက ထွက်ပြေးလာသူတွေအတွက် ရည်ရွယ်တာ ဖြစ်ပေမယ့် ဥရောပကို ဖြတ်တဲ့ ရထားလမ်း ကားလမ်းပေါ်က လူထောင်ပေါင်းများစွာက ဒါဟာ ဥရောပထဲ ရွှေ့ပြောင်းဖို့ အခွင့်အရေးတရပ်လို့ မြင်ခဲ့ကြပါတယ်။

အဲဒီ ရွှေ့ပြောင်းလာသူတွေထဲမှာ ပါကစ္စတန်၊ ဘင်္ဂလာဒေ့ရှ်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့က အုပ်စုတွေ ပါဝင်တာ ဖြစ်ပါတယ်။ အဲဒီရောက်လာသူတွေဟာ တကယ့် ဒုက္ခသည်လား စီးပွားရေးအရ ပြောင်းရွှေ့လာသူတွေလား ဆိုတာ ရာခိုင်နှုန်းအရ တွက်ချက်ဖို့ ခက်ခဲပါတယ်။

ကုလသမဂ္ဂကတော့ ပင်လယ်ဘက်က ဝင်လာသူတွေအနက် ၅၀ ရာခိုင်နှုန်းက ဆီးရီးယားက လာတဲ့သူတွေလို့ ယူဆထားပါတယ်။

ဒီအရေအတွက်ဟာ ဂရိဘက်ကနေ ဥရောပ မြောက်ပိုင်းကို ကုန်းလမ်းက ဝင်ရောက်သူတွေထက် ပိုများပြားတာ တွေ့ရပါတယ်။

စမတ်ဖုန်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥရောပထဲ ဝင်လာသူတွေဟာ မိုဘိုင်းဖုန်းနဲ့ သတင်းအချက်အလက်တွေ အဆက်မပြတ် ရရှိကြပါတယ်။

ခေါင်းဆောင်တော်တော်များများက ထောက်ပြခဲ့သလိုပါပဲ၊ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသူတွေကို အခြေချနေထိုင်ခွင့်ပေးဖို့ ဥရောပမှာ တာဝန်ရှိပါတယ်။

အခုရွှေ့ပြောင်းဝင်လာမှုမှာ နောက်ထပ် ထူးခြားတာတစ်ခုကတော့ စမတ်လက်ကိုင်ဖုန်းတွေ သုံးစွဲမှု ဖြစ်ပါတယ်။ ဥရောပထဲကို ဝင်ရောက်လာသူတွေဟာ မိုဘိုင်းဖုန်းနဲ့ သတင်းအချက်အလက်တွေကို အဆက်မပြတ်ရရှိကြပါတယ်။

ဒီတော့သူတို့မှာ သတင်းအချက်အလက်တွေ သိရှိနေနှင့်ပြီး ဒီလိုသိရှိတဲ့အတွက် ဥရောပကို လာတာဟာ တသက်မှာ တစ်ခါပဲ ရတဲ့အခွင့်အရေးလို့ မြင်ကြတာ ဖြစ်ပါတယ်။

အတော်များများက ဒီလိုဝင်ရောက်ခွင့် မကြာခင် ပိတ်သွားမှာကို စိုးရိမ်နေကြပါတယ်။

ဂျာမန်အစိုးရကတော့ ဒုက္ခသည်တွေထဲမှာ စီးပွားရေးအရ ရွှေ့ပြောင်းလာသူတွေ မပါအောင် တင်းတင်းကျပ်ကျပ်စီစစ်မယ်လို့ ပြောပြီး ပြည်သူတွေကို အာမခံဖို့ ကြိုးစားနေပါတယ်။

တကယ်တော့ ဒါဟာ လွယ်ကူမှာ မဟုတ်ပါဘူး။ ပါကစ္စတန်ကလာသူတွေကို တကယ်ပဲ ဥရောပက သူ့နိုင်ငံကို ပြန်ပို့မှာလား၊ ဒါမှမဟုတ် ဘော်လ်ကန်အနောက်ပိုင်း၊ ကိုဆိုဗိုနဲ့ အယ်ဘေနီးယား တို့က ရောက်လာတဲ့သူတွေကို ဂျာမဏီက ဖယ်ရှားပစ်မှာလား ဆိုတာ မေးစရာပါ။

ဥရောပက တချို့နိုင်ငံရေးသမားတွေ အထူးသဖြင့် လက်ယာယိမ်းတွေက သံကောင်းဟစ်နေကြတာ ဖြစ်ပါတယ်။

ဟန်ဂေရီ ခေါင်းဆောင် Viktor Orban ကတော့ ဂျာမဏီဟာ သူ့ကိုယ်ပိုင် စီးပွားရေး အကျိုးအတွက် လုပ်နေပြီး ကျန်တဲ့ ဥရောပနိုင်ငံတွေအတွက် အလေးထားမှုမရှိဘူးလို့ ဆိုပါတယ်။

ပြင်သစ်က Marine Le Pen ကတော့ ဂျာမဏီဟာ သူ့ရဲ့ကျဆင်းနေတဲ့ လူဦးရေကို စဉ်းစားမိပုံရတယ်၊ ဒါစာ ဝန်ထမ်းလစာတွေ ထပ်လျှော့ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဂျာမန်အစိုးရရဲ့ စိုးရိမ်ကြောင့်ကြမှု

အမှန်မှာတော့ အစိုးရဟာ သူရွေးလိုက်တဲ့ လမ်းနဲ့ပတ်သက်လို့ အခု ထုတ်ဖော်ပြောနေတာထက် ပိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွှေ့ပြောင်းဝင်လာသူတွေက ဂျာမဏီရောက်လာလို့ စိတ်သက်သာရာ ရရှိကြ။

Angela Merkel ရဲ့မဟာမိတ်ဖြစ်တဲ့ CSU နိုင်ငံရေးပါတီကလည်း ခရီးသွားလာရေး စည်းမျဉ်းတွေကို လျှော့ပေးလိုက်တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ဆိုပါတယ်။

အဲဒီပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ Horst Seehofer က အခုလို အကျပ်အတည်းကို ဘယ်လူ့အဖွဲ့အစည်းကမှ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နောက်ကွယ်မှာလည်း ဒီ ဒုက္ခသည် ဝန်ထုတ်ဝန်ပိုးကို မျှပြီးထမ်းဖို့ တခြားနိုင်ငံတွေအပေါ် ဂျာမဏီက အကြီးအကျယ် ဖိအားပေးနေတာ ဖြစ်ပါတယ်။

မစ္စ Merkel က ပြင်သစ်သမ္မတ Francois Hollande ရဲ့ သံသယတွေ ရှင်းလင်းသွားအောင် ဖျောင်းဖျ ပြောဆိုခဲ့သလို စပိန်နိုင်ငံဝန်ကြီးချုပ် Mariano Rajoy ကိုလည်း ဒုက္ခသည်ခွဲတန်းစနစ်နဲ့ လက်ခံရေး သဘောမတူတာကို လိုက်လျောလာဖို့ တိုက်တွန်း ပြောဆိုနိုင်ခဲ့ပါတယ်။

ဒါဟာ ဂျာမန်ရဲ့ ဩဇာအာဏာနဲ့ လွမ်းမိုးမှု ပြယုဒ် တစ်ခု ဖြစ်ပါတယ်

ရွှေ့ပြောင်းဒုက္ခသည်တွေကို ခွဲတမ်းစနစ်နဲ့ ခွဲဝေလက်ခံဖို့ သဘောမတူတဲ့နိုင်ငံတွေကို ဂျာမန်က အရိပ်အမြွက် ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။

တချို့လူတွေက ဒီကိစ္စဟာ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒါဟာ ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုနေကြတာတွေကို သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ Angela Merkel က ပြောကြားပါတယ်။

သူ့ရဲ့ ဒု-ဝန်ကြီးချုပ်ဖြစ်သူ Sigmar Gabriel ကတော့ Schengen သဘောတူညီချက်မှာပါတဲ့ အီးယူနိုင်ငံတွေရဲ့ နယ်စပ်တွေ ဖွင့်ပေးလိုက်တဲ့အပေါ် အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။

ဒါဟာ ဥရောပအတွက် နိုင်ငံရေးအရသာ မဟုတ်ဘဲ စီးပွားရေးအရပါ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။

ဥရောပ အရှေ့ပိုင်းဟာ ဂျာမဏီနိုင်ငံအပေါ် စီးပွားရေးအရ မီခိုနေရတာဖြစ်ပါတယ်။

အခုတွေ့ကြုံနေရတာတွေဟာ လာမယ့်နှစ်တွေမှာ ဂျာမဏီနိုင်ငံကို တစုံတရာ ပြောင်းလဲစေမှာ ဖြစ်ပါတယ်လို့လည်း Angela Merkelက ဝန်ခံပြောကြားထားပါတယ်။

ကွဲပြားတဲ့ အမြင်

ဓာတ်ပုံ မူပိုင် EPA
Image caption Slovakia ဝန်ကြီးချုပ် Robert Fico က ဒုက္ခသည် ခွဲတမ်းစနစ်ကို စိုးရိမ်။

ဒါပေမယ့် ဥရောပ အရှေ့ပိုင်းနိုင်ငံတွေက သူတို့နိုင်ငံပြောင်းလဲမှာကို မလိုလားကြပါဘူး။

Slovakia ဝန်ကြီးချုပ် Robert Fico က ဒုက္ခသည် ခွဲတမ်းစနစ် လုပ်ရပ်ကို ယုတ္တိမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ Slovakia မှာ မနေချင်ကြကြောင်း၊ သူတို့ရဲ့ဘာသာရေးဆိုင်ရာ အခြေခံလည်း ဒီမှာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban ကတော့ ဥရောပရဲ့ ကိုယ်ပိုင်လက္ခဏာတွေဟာ ဒုက္ခသည်တွေထဲမှာပါတဲ့ မွတ်စလင်အများစုကြောင့် ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဖြစ်ခဲ့တာတွေကြောင့် ဥရောပဟာ ပြောင်းလဲသွားမှာတော့ သေချာပါတယ်။

မီးရထားလမ်းပေါ်မှာ မြင်တွေ့ရတဲ့ မျှက်နှာတွေဟာ ဥရောပတိုက်သား မျှက်နှစ်သစ်တွေ ဖြစ်လာကြတော့မှာပါ။

လူအများစုဟာ အခြေချ နေထိုင်ကြပါလိမ့်မယ်။ အသစ်ရောက်ရှိလာသူတွေကို ဥရောပရဲ့ တန်ဖိုးထားမှု စံတွေ လက်ဆင့်ကမ်းဖို့အတွက် ဥရောပ ခေါင်းဆောင်တွေရဲ့ ကြီးမားတဲ့တုန့်ပြန်နိုင်မှု နဲ့ ကျွမ်းကျင်မှုတွေ လိုအပ်မှာဖြစ်ပါတယ်။

ဒါဟာ ရာဇဝင်တွင်မယ့် စိမ်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ဂျာမဏီရဲ့ ရက်ရောမှုဟာ ဥရောပတိုက်သားတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက လူတွေအကြား ဆက်ဆံမှုကို အပြောင်းအလဲ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အရေအတွက်များတာကြောင့် ကိုင်တွယ်ဖို့ မဖြစ်နိုင်ခဲ့ရင်၊ သာမန် ဥရောပတိုက်သားတွေက သူတို့ရဲ့ သဘာဝနဲ့ လူမှုအသိုင်းဝိုင်းတွေ ပြောင်းလဲသွားမှာကို စိုးရိမ်လာကြမယ်ဆိုရင် ဥရောပ စည်းလုံးညီညွတ်မှုအတွက် အခုလို ပါဝင်ပတ်သက်တာဟာ အကြီးအကျယ်မှားတဲ့ တွက်ကိန်းဆိုပြီး ဂျာမန်ဝန်ကြီးချုပ် မစ္စ Merkel ကို အပြစ်တင်ကြပါလိမ့်မယ်။

Schengen သဘောတူညီချက်

Schengen သဘောတူညီချက်ဟာ ဥရောပနိုင်ငံတွေအတွင်း နယ်ခြားမဲ့ Schengen ဇုံဒေသ ဖန်တီးရေး ဖြစ်ပါတယ်။

သဘောတူညီချက်ကို ၁၉၈၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ဥရောပ ဘုံဈေးအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ၅ နိုင်ငံက Luxembourg နိုင်ငံ Schengen မြို့မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ထပ်မံ အကောင်အထည်ဖော်ခြင်း မရှိခဲ့ပါဘူး။

အဲဒီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေရဲ့ အများဆိုင် နယ်စပ်တွေမှာ စစ်ဆေးရေးတွေကို တဖြေးဖြေးချင်း ဖျက်သိမ်းသွားဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

Schengen ဒေသဟာ နိုင်ငံတကာ ခရီးအတွက် ရည်ရွယ်ပြီး တိုင်းပြည်တခုလိုပဲ စီမံလုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒေသရဲ့ ပြင်ပနယ်စပ်တွေမှာ ဒေသတွင်း အဝင်အထွက်ကို ဘုံဗီဇာ နဲ့ထိန်းချုပ်ထားပြီး အတွင်းဘက် နယ်စပ်တွေမှာတော့ လွတ်လပ်စွာ သွားလာနိုင်တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ လူဦးရေ သန်း ၄၀၀ ကျော်ရှိတဲ့ ဥရောပ ၂၆ နိုင်ငံဟာ အဲဒီ ဒေသဇုန်အတွင်းမှာ ပါဝင်ကြတာဖြစ်ပြီး ဗြိတိန်နဲ့ အိုင်ယာလန် နိုင်ငံတို့ကတော့ ပါဝင်ခြင်းမရှိသေးပါဘူး။

(ဘီဘီစီ Chief correspondent -Gavin Hewitt ရေးသားတဲ့ Germany: Moral leader or misguided? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်တင်ပြထားတာ ဖြစ်ပါတယ်။)