ရွေးကောက်ပွဲမှာ စင်ကာပူ နိုင်ငံသားတွေ မဲပေးနေ

  • 11 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption စင်ကာပူမှာ မဲပေးဖို့ စာရင်းသွင်းထားသူ ၂ သန်းကျော် ရှိ။

စင်ကာပူ နိုင်ငံမှာ အာဏာရ ပါတီ ဖြစ်တဲ့ ပြည်သူ့ လှုပ်ရှားမှု ပါတီ PAP ပဲ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံ အနိုင်ရမယ်လို့ မျှော်လင့်ရတဲ့ ရွေးကောက်ပွဲမှာ စင်ကာပူ နိုင်ငံသားတွေ မဲပေးနေပါတယ်။

ဒါပေမယ့် ပထမဆုံး အကြိမ်အဖြစ် မဲဆန္ဒနယ် အားလုံးမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်လာပြီး အမတ်နေရာ အချို့ ရလာနိုင်ခြေ ရှိပါတယ်။

ဒီရွေးကောက်ပွဲဟာ ဝန်ကြီးချုပ်ရဲ့ ဖခင်လည်းဖြစ်၊ PAP ပါတီ ထူထောင်သူလည်း ဖြစ်တဲ့ သက်တမ်းရှည် ခေါင်းဆောင်ကြီး လီကွမ်ယု သေဆုံးပြီးကတည်းက ပထမဆုံး ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ပီအေပီ ပါတီဟာ စင်ကာပူ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၆၅ ခုနှစ် ကတည်းက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့ပါတယ်။

ပီအေပီရဲ့ အဓိက ပြိုင်ဖက်က အလုပ်သမား ပါတီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါလီမန် အမတ်နေရာ ၈၇ နေရာအနက် ၇ နေရာ ရခဲ့ပါတယ်။ လာမယ့် ပါလီမန်မှာတော့ အမတ်နေရာ ၈၉ နေရာ ရှိလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက တချို့ မဲဆန္ဒနယ်တွေမှာ ဆိုရင် ပီအေပီ ပါတီနဲ့ ယှဉ်ပြီး အရွေးခံမယ့်လူ မရှိခဲ့တဲ့အတွက် မဲပေးစရာမလိုဘဲ ပီအေပီက အလိုအလျောက် ရခဲ့တဲ့ အမတ်နေရာတွေ ရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် အားလုံးမှာ ယှဉ်အရွေးခံမယ့် အတိုက်အခံတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ