မ​ညီမျှ​မှု တိုက်​ဖျက်​မယ်​လို့ လေ​ဘာ​ပါ​တီ​ခေါင်းဆောင်​သစ် ကတိပြု

  • 13 စက်တင်ဘာ 2015
corbyn
Image caption ပြိုင်ဘက် ၃ ယောက် ကို အပြတ်အသတ် အနိုင်ယူပြီး လေဘာပါတီ ခေါင်းဆောင်သစ် ဖြစ်လာ။

ဗြိတိန် နိုင်ငံ မှာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ လေဘာ ပါတီ ရဲ့ ခေါင်းဆောင် သစ် အဖြစ် ရွေးချယ် တင်မြှောက် ခံလိုက် ရတဲ့ ဂျရမီ ကိုဘင် က လူ့ အဖွဲ့အစည်း အတွင်း မညီမမျှ ဖြစ်နေမှု တွေ ကို ကိုင်တွယ် ဖြေရှင်း မယ် ဆိုပြီး ကတိပြု လိုက် သလို ပါတီတွင်း စည်းလုံး ညီညွတ်မှု ကိုလည်း ပြန်လည် ထူထောင် မယ် လို့ ပြောလိုက် ပါတယ်။

ပြိုင်ဘက် ၃ ယောက် ကို အပြတ်အသတ် အနိုင်ယူပြီး လေဘာပါတီ ခေါင်းဆောင်သစ် ဖြစ်လာတဲ့ ဂျရမီ ကိုဘင် ရဲ့ အောင်ပွဲ မိန့်ခွန်း ထဲမှာ ပိုမို ကောင်းမွန်တဲ့ လူအဖွဲ့အစည်း တစ်ရပ် ဖြစ်လာဖို့ စိတ်ပိုင်းဖြတ် ထားတယ် ဆိုပြီး ပြောခဲ့ ပါတယ်။

အဓိက စီးပွားရေး လုပ်ငန်း တချို့ ကို နိုင်ငံပိုင် သိမ်းရေး အပါအဝင် မစ္စတာ ကိုဘင်ရဲ့ အခြေခံက အစ ပြောင်းလဲရေး အယူအဆ တွေ ကြောင့် လေဘာပါတီဝင် ပါလီမန် အမတ် တချို့ ဆီက ထောက်ခံမှု ရဖို့ အဟန့်အတား ဖြစ်စေခဲ့ တယ်လို့ သတင်းထောက် တွေ က ဆိုပါတယ်။

ဒါ့အပြင် ရှဲဒိုး ကက်ဘိနက် လို့ ခေါ်တဲ့ ဗြိတိသျှ နိုင်ငံရေး ရဲ့ လုပ်နည်းလုပ်ဟန် ဖြစ်တဲ့ အတိုက်အခံ ပါတီ ဘက်က အပြိုင် ဖွဲ့စည်း ထားတဲ့ အစိုးရ အဖွဲ့ ၀င် တွေ ထဲကလည်း မစ္စတာ ကိုဘင် ရဲ့ လက်အောင်မှာဆို တာဝန် မထမ်းဆောင် နိုင်ဘူး လို့ ပြောလာ ကြသူတွေ တော်တော် များများ လည်း ရှိနေကြပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ကွန်ဆားဗတစ်ဗ် ပါတီ ခေါင်းဆောင် ဒေးဗစ်ကင်မရွန် က တော့ မစ္စတာ ကိုဘင် အတိုက်အခံ ပါတီ ခေါင်းဆောင် ဖြစ်လာတဲ့ အပေါ် ဂုဏ်ယူ ပါကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ