နယ်ခြားဝင်ပေါက်တွေကို ဂျာမနီ တင်းကြပ်လာ

  • 13 စက်တင်ဘာ 2015
sp_migrants_munich ဓာတ်ပုံ မူပိုင် EPA
Image caption မြူးနစ် အပါအဝင် တခြား နေရာ တွေ မှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေ စံချိန်တင် လောက်အောင် အများအပြား ရောက်လာ။

ဂျာမနီ နိုင်ငံရဲ့ မြို့ကြီး တစ်ခု ဖြစ်တဲ့ မြူးနစ် အပါအဝင် တခြား နေရာ တွေ မှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေ စံချိန်တင် လောက်အောင် အရေအတွက် အများအပြား ရောက်လာ ခဲ့တဲ့ နောက် အခုဆိုရင် ဂျာမနီ၊ ဩစတြီးယား နဲ့ ချက် ရီပတ်ဘလစ် နိုင်ငံ တွေ ဟာ သူတို့ရဲ့ နယ်ခြား အဝင်အထွက် တွေကို ပိုမို ထိန်းချုပ် လိုက်ကြ ပါတယ်။

စက်တင်ဘာ ၁၄ ရက် တနင်္လာ မနက် အထိ ဩစတြီးယား နဲ့ ဂျာမနီ ၂ နိုင်ငံကြား အသွားအပြန် ရထား ခရီးစဉ် တွေ ဖျက်သိမ်း လိုက်တယ် လို့ ဩစတြီးယား မီးရထား ဌာန က ကြေညာ ပါတယ်။

ဂျာမနီ ထဲ ဝင်ရောက်လို သူတွေ ကျော်ဖြတ် နေကြတဲ့ နောက်ထပ် တနိုင်ငံ ဖြစ်တဲ့ ချက်ရီပတ်ဘလစ် ကလည်း သူတို့ နယ်စပ် လုံခြုံရေးကို ပိုပြီး တင်းကြပ် မယ်လို့ ပြောပါတယ်။

ဆားဘီယားနဲ့ အကြား နယ်စပ် ခြံစည်းရိုး တည်ဆောက် နေတဲ့ ဟန်ဂေရီက လူဝင်မှု ထိန်းချုပ် ရေး တွေ လုပ်ဆောင် လာတဲ့ ဂျာမနီ ရဲ့ အဆုံးအဖြတ် ကို ကြိုဆို လိုက် ပါတယ်။

ဂျာမန် တို့ရဲ့ တန်ဖိုး၊ ဥရောပ ရဲ့ တန်ဖိုး တို့ကို ကာကွယ် စောင့်ရှောက် ဖို့ လိုအပ်တယ် ဆိုပြီး ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဘန် က ပြောပါတယ်။

ဒါပေမယ့် ဂျာမန် ပြည်ထဲရေး ဝန်ကြီး ထိုမတ်စ်ဒါမဲန်ဇဲ ကတော့ ဂျာမနီ နိုင်ငံရဲ့ နယ်စပ် ထိန်းချုပ်တဲ့ လုပ်ဆောင်မှု တွေ ဟာ ယာယီ သဘောသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တနိုင်ငံချင်းဆီ အလိုက် မတူညီတဲ့ ထိန်းချုပ် ကန့်သတ်မှု တွေ ပြုလုပ်လာဟာ ဒုက္ခသည် တွေ အပေါ် ဥပဒေအရ ပြဌာန်းပြီးတော့ကို အသိအမှတ်မပြု လျစ်လျူရှု ကြမယ့် အခြေအနေ မျိုး ဆိုက်ရောက် လာမှာ ကို စိုးရိမ်တယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ဖြစ်တဲ့ UNHCR က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ