ဒုက္ခ​သည် တစ်​သိန်း​နှစ်​သောင်း​လက်ခံ​ဖို့ အီး​ယူ​ဝန်ကြီး​တွေ ဆုံးဖြတ်

  • 14 စက်တင်ဘာ 2015
_screengrab_tvu_explainer_eu_migrants ဓာတ်ပုံ မူပိုင် screengrab from video Kirill Skorodelov kirill.skorodelov
Image caption ခိုလှုံခွင့် ပေးထိုက်သူ အရေအတွက် တစ်သိန်းနှစ်သောင်း ကို အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တလွှား နေရာချမယ်။

ဘရပ်ဆဲလ် မြို့တော် မှာ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေ က တရားရေး နဲ့ ပြည်ထဲရေး ဝန်ကြီး တွေ တွေ့ဆုံ နေကြပြီး လူဝင်မှု ပြဿနာ အပေါ် ဘယ်လို ကိုင်တွယ် ကြလဲ ဆိုတာ ဆွေးနွေး နေပါတယ်။

ဝင်ရောက်လာ သူတွေ ထဲ က ခိုလှုံခွင့် ပေးထိုက်သူ အရေအတွက် တစ်သိန်းနှစ်သောင်း ကို အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တလွှား နေရာချ ထားပေး ဖို့ ဥရောပ ဝန်ကြီးတွေ အများစုက သဘောတူ လိုက် ကြပါတယ်။

အီးယူ ရဲ့ ဥက္ကဌ နေရာကို လက်ရှိ ရယူထားတဲ့ လာ့ခ်ဇင်းဘာ့ဂ် နိုင်ငံ က လာမယ့် အောက်တိုဘာ ၈ ရက် ဝန်ကြီး တွေ ပြန်တွေ့ ကြတဲ့ အခါ၊ အခု ဆုံးဖြတ်ချက် ကို ဥပဒေ တစ်ရပ် အဖြစ် ပြဌာန်း လာနိုင် ဖို့ ရှိတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် အစောပိုင်းတုန်း ကတော့ ဆီးဘီးယား နဲ့ ဟန်ဂေရီ နယ်ခြား က ရွှေ့ပြောင်းသူ တွေ အဓိက ဝင်ရောက် နေတဲ့ နေရာ ကို ဟန်ဂေရီ ရဲတွေ က သံဆူးကြိုးတွေ နဲ့ အလုံပိတ် လိုက် ပါတယ်။

အဲဒီ့ သံဆူးကြိုး နံရံ ကို ချိုးဖျက် ဝင်ရောက် လာသူ မှန်သမျှ ကို ဖမ်းဆီး အရေးယူ ခွင့် ပြုမယ့် ဥပဒေသစ် တွေ လည်း ဟန်ဂေရီမှာ မကြာခင် အတောအတွင်း အသက် ဝင် လာ တော့ မှာ ဖြစ်ပြီး အခုဆိုရင် အဲဒီ့ နယ်စပ် တလျှောက် ဟန်ဂေရီ ရဲ တွေ ရာပေါင်းများစွာ ချထား ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက် သူ အရေအတွက် မကြုံစဖူး များပြား လာတာ ကို တွေ့ကြုံ နေရတဲ့ ဩစတြီးယား၊ နယ်သာလန် ၊ စလိုဗက်ကီးယား နဲ့ ပိုလန် နိုင်ငံတွေ ကလည်း သူတို့ရဲ့ နယ်ခြား ဝင်ပေါက် ထိန်းချုပ် ရေး ကို ပိုပြီး တင်းကြပ် လာ ကြပါ တယ်။

တခါ၊ ဂျာမနီ နိုင်ငံ မှာတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် ပေါ် မှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေ အပေါ် ဆန့်ကျင် တဲ့ သဘောထား တွေ ရေးသား နေတဲ့ အရေအတွက် တိုးတက် များပြား လာနေတာ ကို ကိုင်တွယ် နိုင်ဖို့ အတွက် ဂျာမနီ အာဏာပိုင် တွေ က အဖွဲ့တစ်ခု ဖွဲ့ လိုက်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူ တွေ များပြား နေတဲ့ အခု အချိန် နဲ့ တိုက်ဆိုင်ပြီး ဖေ့စ်ဘွတ် ပေါ် မှာ လူမျိုးရေး ခွဲခြား တဲ့ စကားတွေ၊ နိုင်ငံခြားသား မုန်းတီးရေး တွေ ရေးသား လာမှု တိုးတက် လာ နေတာ ဖြစ်ပါတယ်။

အဲဒီလို အရေးအသား တွေ အပေါ် အမြန် ဖယ်ရှား နိုင်ဖို့ စိစစ်မှု တွေ ပိုမို လုပ်ဆောင် မယ် ဆိုပြီး ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ကလည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ