ရွှေ့​ပြောင်း​သူ​တွေ​အရေး ဘော်လ်​ကန် နိုင်ငံ​တွေ​အကြား တင်းမာ

  • 18 စက်တင်ဘာ 2015
_croatia ဓာတ်ပုံ မူပိုင် AP
Image caption ခရိုအေးရှား ထဲ ဝင်ရောက် လာသူ အရေအတွက် များပြား။

ဥရောပ မြောက်ပိုင်း နဲ့ အနောက်ပိုင်း နိုင်ငံတွေကို ရောက်ရှိဖို့ အတွက် ဘော်လ်ကန် ဒေသ နိုင်ငံတွေ ကို ဖြတ်ကျော် ဖို့ ကြိုးစား နေကြတဲ့ ထောင်ပေါင်း များစွာသော ရွှေ့ပြောင်း ဝင်ရောက် သူတွေ အရေး နဲ့ ပတ်သက်ပြီး ဘာတွေ ဆက်ဖြစ် နိုင်သလဲ ဆိုတဲ့ အပေါ် မသေချာ မရေရာ မှု တွေ တိုးတက် ဖြစ်ထွန်း လာနေပါတယ်။

ခရိုအေးရှား ထဲ ဝင်ရောက် လာသူတွေ များပြားလွန်းတဲ့ အတွက် ရာဂဏန်း တချို့ကို မှတ်ပုံတင် စာရင်းသွင်းတာမျိုး မလုပ်ပဲ ဟန်ဂေရီကို သွားမယ့် ဘတ်စ်ကားတွေ၊ ရထားတွေ ပေါ် စတင် တင်ပေးနေပြီလို့ ခရိုအေးရှား အာဏာပိုင်တွေက ဆိုပါတယ်။

ခရိုအေရှား နိုင်ငံရဲ့ အဲဒီ အပြုအမူဟာ ဥရောပသမဂ္ဂ EU အဖွဲ့ ရဲ့ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ဟန်ဂေရီ အစိုးရ က စွပ်စွဲ နေပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းသူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတွေကိုလည်း ဩစတြီး နယ်စပ် ကို တခါတည်း လမ်းလွှဲ ပေးနေပါတယ်။

ခရိုအေးရှားနဲ့ နယ်စပ်ခြင်း ထိနေတဲ့ စလိုဗေးနီးယား ကလည်း မဖြစ်သာလွန်းတဲ့ အခြေအနေမျိုး ရောက်လာရင်တော့ ရွှေ့ပြောင်းသူတွေကို သူတို့ နယ်ထဲ ဝင်ခွင့်ပေးမယ်လို့ ပြောပါတယ်။

အီးယူအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ လူဝင်မှု ပြဿနာကို တနိုင်ငံ ကနေ တနိုင်ငံ လွှဲချ ပုံပေးဖို့ကိုပဲ အာရုံစိုက် နေကြတယ် လို့လည်း ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်လ်တူးစ်ခ် က က ဝေဖန် ပါတယ်။

အခု အခြေအနေဟာ ဥရောပ တိုက်ရဲ့ လူသားချင်း စာနာနားလည် နိုင်စွမ်း အပေါ် စမ်းသပ် မှု တစ်ခု ဖြစ်ပြီး ဒီ အကြပ်အတည်း ကို ထိရောက် လုံလောက်အောင် တုန့်ပြန် ကိုင်တွယ်နိုင်စွမ်း ရှိလာဖို့ လုပ်ဆောင် ရလိမ့်မယ် လို့လည်း မစ္စတာ တူးစ်ခ် က ဆိုပါတယ်။

အီးယူ အဖွဲ့ဝင် နိုင်ငံတွေ အကြား ဒုက္ခသည်တွေ ကို ဝေပုံကျ ခွဲဝေ တာဝန်ယူဖို့ ဥရောပ ကော်မရှင် က အကြံပြုထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ