ဩစတြီးယားထဲ ရွှေ့ပြောင်းသူတွေ သောင်းချီ ဝင်ရောက်

  • 19 စက်တင်ဘာ 2015
migrants_croatia ဓာတ်ပုံ မူပိုင် .
Image caption ရွှေ့ပြောင်းသူတွေ အရေးနဲ့ ပတ်သက်ပြီး ဘော်လ်ကန် ဒေသ နိုင်ငံများကြား မှာလည်း ဆက်လက် အငြင်းပွားနေ။

ဥရောပတိုက်ထဲကို ရွှေ့ပြောင်း ဝင်ရောက်နေသူတွေ ထဲက တစ်သောင်း ဝန်းကျင် ဟာ စက်တင်ဘာ ၁၉ ရက် စနေနေ့က ဩစတြီးယား နိုင်ငံထဲ ကို ရောက်လာခဲ့ကြတယ် လို့ ယူဆကြောင်း ဩစတြီးယား အာဏာပိုင် တွေ က ပြောပါတယ်။

ရွှေ့ပြောင်းသူတွေ အရေး ဘယ်လို ကိုင်တွယ် ကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘော်လ်ကန် ဒေသ နိုင်ငံများကြား မှာလည်း ဆက်လက် အငြင်းပွား နေကြပါတယ်။

ခရိုအေရှား အာဏာပိုင် တွေ ဟာ ရွှေ့ပြောင်းသူ အများအပြားကို ဟန်ဂေရီ နယ်စပ် ကို ဘတ်စ်ကားတွေ နဲ့ တင်လွှတ် ပေးခဲ့တာ မှာ ဟန်ဂေရီ ကလည်း ဩစတြီးယား နဲ့ ထိစပ်နေတဲ့ နယ်ခြား မြို့တွေ ဆီ ကို ဆက်လက် စေလွှတ် ခဲ့ပါတယ်။

ရွှေ့ပြောင်းသူတွေ ဟာ ဥရောပ မြောက်ပိုင်းနဲ့ အနောက်ပိုင်း နိုင်ငံတွေ ဆီ ဦးတည် သွားနေကြတာ ဖြစ်ပြီး ဆလိုဗေးနီးယား ကနေ တဆင့်လည်း ဖြတ်ကျော် နေကြ သူတွေ ရှိပါတယ်။

ဒီအချိန်မှာပဲ၊ လစ်ဗျား နိုင်ငံ ကမ်းလွန်ပြင် ပင်လယ် ထဲက နေလည်း ရွှေ့ပြောင်းသူ တွေ နဲ့ ဒုက္ခသည် ၅ ထောင် နီးပါးကို ကယ်ဆယ် ခဲ့ရပါတယ်။

အဲဒီ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ဦးဆောင် ခဲ့တဲ့ အီတလီ ကမ်းစောင့်တပ် ရဲ့ အဆိုအရ လှေငယ် အစင်း ၂၀ ကို ကယ်ခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။

တခါ၊ လက်ဘနွန် နဲ့ ဂျော်ဒန် နိုင်ငံ တို့မှာ ရှိတဲ့ ဒုက္ခသည် စခန်း တွေ ထဲ သူတွေကို ကူညီဖို့ ဒေါ်လာ ၅.၅ ဘီလီယံ ကျော် ပူးပေါင်း ထည့်ဝင် ကြပါဆိုပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ကို ဩစတြီးယား နဲ့ ဂျာမနီ တို့က တိုက်တွန်း လိုက်ပါတယ်။

အဲဒီ့ စခန်းတွေ မှာ အထောက်အပံ့ အကူအညီ မလုံမလောက် ဖြစ်နေတဲ့ အတွက် လူတွေ ဟာ ဥရောပ ကို ဦးတည် ထွက်ခွာဖို့ ပြင်ဆင် နေကြတာ ဖြစ်တယ် လို့ ဂျာမနီ ဒုတိယ ဝန်ကြီးချုပ် ဇိဂ်မာ ဂါဘရီရယ် က ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ ခန့်မှန်းချက် အရ ဆီးရီးယား ဒုက္ခသည် တွေဟာ ဂျော်ဒန် နိုင်ငံထဲ မှာ ၆ သိန်း ရှိ နေပြီး၊ လက်ဘနွန် နိုင်ငံထဲမှာ ၁ သန်း ကျော် ရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ