တနှစ်အတွင်း တတိယအကြိမ် ဂရိပြည်သူတွေမဲပေး

  • 20 စက်တင်ဘာ 2015
ဂရိရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်
Image caption ဂရိရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်

ကြိုတင်သဘောထား ကောက်ခံချက်တွေအရ ဆိုရင်တော့ အဓိကပြိုင်ဖက် ပါတီနှစ်ခုဖြစ်တဲ့ လက်ဝဲယိမ်း ဆိုင်ရီဇာနဲ့ ရှေးရိုးစွဲ နယူးဒီမိုကရေစီ ပါတီတို့ကြား အကြိတ်အနယ် အခြေအနေမှာ ရှိနေပါတယ်။ ဂရိရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းဖို့ဥရောပက ချမှတ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို သဘောတူ လက်မှတ်ရေး ထိုး ပြီးတဲ့နောက်မှာ ဆိုင်ရီဇာ ပါတီခေါင်းဆောင် Alexis Tsipras အပေါ်ထောက်ခံမှု အတော်ကျဆင်းသွားခဲ့ပါတယ်။ သူ့ပါတီက အဲဒီ ချွေတာရေး အစီအစဉ်တွေကိုလက်မခံဘူးလို့ ပြောဆိုပြီး အာဏာရလာတာပါ။

တကယ်အစိုးရ ဖြစ်လာတဲ့ အခါကျတော့ ဥရောပရဲ့အစီအစဉ်ကို လက်ခံလိုက်တာနဲ့ပတ်သက်ပြီး Alexis Tsipras က သူ့ပါတီထက်၊နိုင်ငံကို ပိုဦးစားပေးတာကြောင့်ခုလို လုပ်ရတာဆိုပြီးပြောပါတယ်။ တကယ်လို့ ဥရောပရဲ့ စည်းကမ်းချက်တွေကိုမလိုက်နာရင် ဂရိ နိုင်ငံဟာ ကြွေးမဆပ်နိုင်တာကြောင့် ယူရိုငွေသုံးတဲ့နိုင်ငံအုပ်စုထဲက ထွက်ရမှာဖြစ်တယ်လို့သူကဆိုပါတယ်။

ဥရောပရဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့သင့်မသ င့်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရာမှာမဲပေးသူ ၆၀ ရာနှုန်းကျော်က မလိုက်နာဘူး လို့ဆုံးဖြတ်ခဲ့တဲ့ကြားမှာ သူက ခုလို ဥရောပဖက်ကို လိုက်လျောခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နယူးဒီမိုကရေစီပါတီ ပါတီခေါင်းဆောင် Vangelis Meimarakis ကဒါဟာ တိုင်းပြည်အတွက် ပေးဆပ်မှုကြီးမားတဲ့ စမ်းသပ်မှုတခုကိုလုပ်ခဲ့ တာလို့ ဝေဖန်ပါတယ်။ တကယ်လို့ဆိုင်ရီဇာကိုပြန်ပြီးအစိုးရတင်မယ်ဆိုရင် သိပ်မကြာခင်မှာနောက်ထပ်ရွေးကောက်ပွဲ ပြန်ကျင်းပရလိမ့်ဦးမယ်၊ တိုင်းပြည်ပြန်ပြီး ဒုက္ခရောက်လိမ့်ဦးမယ်လို့ပြောခဲ့ပါတယ်။

တကယ်တမ်းမှာတော့ ဘယ်သူဘဲ အာဏာရရ၊ ဂရိအစိုးရသစ်ဟာ ငွေကြေး အကျပ်အတည်းက လွတ်မြောက်ဖို့ တင်းကျပ်တဲ့ ခြိုးခြံခေျွတာရေး အစီအစဉ်တွေ ကိုဆောင်ရွက်ရမှာဘဲလို့ အေသင်မြို့မှာရောက်နေတဲ့ ဘီဘီစီသတင်းထောက် ရစ်ချတ်ဂယ်လ်ပင်ကပြောပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ နောက်ထပ်နိုင်ငံရေး မတည်ငြိမ်မှုတွေကြုံရဦးမှာဘဲလို့လည်းသူက ဆိုသွားပါတယ်။