ဥရောပ သမဂ္ဂ မှ ဆုံးဖြတ်ချက် ခွဲတမ်း ချမှတ်

  • 22 စက်တင်ဘာ 2015
eu_foregin_council ဓာတ်ပုံ မူပိုင် Getty
Image caption ဥရောပ သမဂ္ဂ အစည်းအဝေး

ဥရောပ သမဂ္ဂ ဟာ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း အရေး ကိစ္စ တွေ ကို အများအားဖြင့် အများသဘောတူညီချက် အရ ဆုံးဖြတ်လေ့ ရှိသလို နိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှု ကို ထိခိုက်မှသာ အရေးယူ ဆောင်ရွက်မှု ရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက် စစ်ပြေး ဒုက္ခသည် တွေ နဲ့ ထွက်ပြေး ခိုလှုံလာသူတွေ ကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တွေ အနေနဲ့ ခွဲတမ်း အရ လက်ခံ ဖို့ လုံးဝ တိုက်တွန်း ဆုံးဖြတ် လိုက်ပါတယ်။

အာဖရိက နဲ့ အရှေ့အလယ်ပိုင်းက လတ်တလော ရောက်လာသူ တသိန်းနှစ်သောင်း ကို နေရာချပေးရေး စဉ်းစားကြတာပါ။ ဒါပေမဲ့ ဥရောပ အလယ်ပိုင်း နဲ့ အရှေ့ဘက် နိုင်ငံထဲ က နိုင်ငံ လေးခု ကတော့ မဲခွဲ ဆုံးဖြတ်ချက် ကို ဆန့်ကျင်မဲ ပေးပေမဲ့ အခုတော့ တရားဝင် လက်ခံ လိုက်ရပါပြီ။

ချက် သမ္မတ နိုင်ငံ မှ ပြည်ထဲရေး ဝန်ကြီး မီလန် ခိုဗန်းနက်စ် က အခုဆုံးဖြတ်ချက် နဲ့ ပတ်သက်လို့ စိတ်ပျက်မိ ကြောင်း ပြောပါတယ်။ တကယ်လို့ အဖွဲ့ဝင် နိုင်ငံတွေ ဘက် ဖက် က အချိုးကျ ဒုက္ခသည်တွေ ကို လက်မခံရင် ဥရောပ သမဂ္ဂ ဘက်ကလည်း ဥပဒေ အရ အရေးယူတော့မှာပါ။

တချို့နိုင်ငံ တွေ မှာဆိုရင် မြို့တော် တွေ အတွင်း ပြည်သူ့တွေ က ဒေါသထွက် ဆန္ဒပြတာတွေ နဲ့ အာခံတဲ့ အသွင် ပြကြပါတယ်။ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် က ဆိုရင် သူ့ ရာထူး သက်တမ်းမှာ ခွဲတမ်း ကို ဆက်လက်ဆန့်ကျင် နေမှာပဲ လို့ ပြောပါ တယ်။ နောက်ဆုံး ဥရောပ တရားရုံး အထိ ဒီအမှု ကို ဦးတိုက် လျှောက်ထားမယ် လို့ ဆိုပါတယ်။ ဥရောပ သမဂ္ဂ အနေနဲ့ လူပေါင်း တသိန်းနှစ်သောင်း ကို နေရာချ လက်ခံရေး တိုက်တွန်းနေတာပါ။ ဥရောပ ကမ်းခြေ ဘက် ကို တနေ့ တနေ့ နည်းမျိုးစုံ ဆိုက်ရောက်နေတဲ့ လူဦးရေ ဟာ ၆၀၀၀ ရှိနေတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ ရဲ့ ပြောခွင့်ရ အမျိုးသမီး မာလစ်စာ ဖလင်းမင်း ကတော့ သူတို့ အနေနဲ့ အရေးပေါ် ဆုံးဖြတ်ချက် တို့ ကမ်းလှမ်းချက် တို့ ချမှတ်ရင် အားလုံး ညီညီညွတ်ညွတ် လိုက်နာစေချင်ပါတယ်။ အခုပြဿနာ လို ဒုက္ခသည်တွေ နဲ့ ထွက်ပြေးခိုလှုံ သူတွေ အရေးကိစ္စ ဟာ ကြိုတင် ခန့်မှန်း လို့ မရအောင် ကို ရှုတ်ထွေး လာတာလည်း နေ့စဉ် လို ဖြစ်နေ သလို နိုင်ငံတွေ အချင်းချင်း ကြားမှာလည်း ဖိအားတွေ များလာနေပါတယ် လို့ ပြောပါတယ်။

ဟန်ဂေရီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဇိုလ်တန် ကိုဗက်ရှ် ကတော့ ဥရောပ သမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် ကို လိုက်နာပါ့မယ် လို့ ပြောပါတယ်။ ဒီဆုံးဖြတ်ချက် ကို သူတို့ အနေနဲ့ လေးစားမှု နဲ့ အတူ လိုက်နာ ဆောင်ရွက်မှာပါ။ အခုလို ခွဲတမ်း တာဝန် မယူမနေရ ဆုံးဖြတ်ချက် ကိစ္စ ကိုလည်း ဥရောပ ထိတ်သီး ဆွေးနွေးပွဲ မှာ ဝန်ထုတ်ဝန်ပိုး လို မဖြစ်စေချင်ပါဘူး။ ဒီကိုတာ အစီအစဉ် ကို မကြိုက်ပေမဲ့ ဆုံးဖြတ်ချက် ကိုတော့ လိုက်နာ မှာပါ လို့ ပြောပါတယ်။