နယူးယောက်တိုင်းမ်စ် သတင်းစာ ပုံနှိပ်ဖို့ ထိုင်းကုမ္ပဏီ ငြင်းဆန်

  • 22 စက်တင်ဘာ 2015
Image caption အင်္ဂါနေ့ထုတ် မျက်နှာဖုံးမှာ နာမကျန်းဖြစ်နေတဲ့ ထိုင်းဘုရင်အကြောင်း ဆောင်းပါး ပါဝင်။

နယူးယောက် တိုင်းမ်စ် သတင်းစာရဲ့ အာရှဒေသထုတ် အင်္ဂါနေ့ သတင်းစာမှာ နာမကျန်း ဖြစ်နေတဲ့ ထိုင်းဘုရင် အကြောင်း သတင်းဆောင်းပါး တစ်ခု ပါတဲ့အတွက် ထိုင်း ပုံနှိပ် ကုမ္ပဏီက ရိုက်နှိပ် ထုတ်ဝေဖို့ ငြင်းဆန် ခဲ့တယ်လို့ နယူးယောက် တိုင်းမ်စ် က ပြောပါတယ်။

နာမကျန်း ဖြစ်နေတဲ့ ထိုင်းဘုရင်အကြောင်း ဖော်ပြထားတဲ့ သတင်းစာ မျက်နှာဖုံးဟာ အလွန် အတိမ်းအစောင်း မခံတဲ့ အတွက် ထိုင်းပုံနှိပ် ကုမ္ပဏီက ငြင်းဆန်ခဲ့တာလို့ နယူးယောက် တိုင်းမ်စ်က ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အင်္ဂါနေ့ထုတ် သတင်းစာကို ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ဖတ်လို့ ရနေတယ်လို့ ဆိုပါတယ်။

၈၇ နှစ် အရွယ် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ဟာ လောလောဆယ်မှာ ဘန်ကောက်မြို့မှာ ဆေးရုံတက် ကုသ ခံနေရပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်မိသားစုအပေါ် အကြည်ညိုပျက်စေမှု အတွက် တင်းကျပ်တဲ့ ဥပဒေရှိပြီး ဘယ်သူမဆို ထောင်ဒဏ် အပြစ် ကျခံရနိုင်ပါတယ်။

အဲဒီ ဥပဒေကို ထိုင်း စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပေါပေါလောလော အသုံးပြုလာတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ