ကိုလံဘီယာ အစိုးရနဲ့ FARC သူပုန်အကြား သဘောတူချက်ရ

  • 24 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျူးဘားက အိမ်ရှင်အဖြစ် ၃နှစ်နီးပါး လက်ခံကျင်းပပေးခဲ့

ကိုလံဘီယာနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော် ပဋိပက္ခ တိုက်ပွဲတွေအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဥပဒေကြောင်းအရ ဘယ်လို အရေးယူမလဲ ဆိုတာနဲ့ ပတ်သက်လို့ အမှန်တရား ပေါ်ပေါက်ရေး ကော်မရှင်တခုနဲ့ အထူး ခုံရုံးတခု ဖွဲ့ဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သမ္မတ Juan Manuel Santosနဲ့ FARC သူပုန်အဖွဲ့ တပ်မှူး Timochenko တို့က ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ဒါ့အပြင် လက်ဝဲ ဝါဒီ သူပုန်တွေ အများဆုံး အကျိုးဖြစ်ထွန်းမယ့် လွတ်ငြိမ်းချမ်းသာခွင့် တခုကို ပြဌာန်းဖို့ကိုလည်း နှစ်ဘက်စလုံးက သဘောတူလိုက်ကြပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျူးဘားနိုင်ငံက အိမ်ရှင်အဖြစ် ၃နှစ်နီးပါးကြာ လက်ခံ ကျင်းပပေးခဲ့အပြီး ထွက်ပေါ်လာတဲ့ ဒီသဘောတူချက်ဟာ အရေးပါတဲ့ ထိုးဖောက် အောင်မြင်မှုကြီး တခုအဖြစ် ယူဆထား ကြပါတယ်။

ကိုလံဘီယာ ပဋိပက္ခဟာ လက်တင် အမေရိက နိုင်ငံမှာ သက်တမ်း အကြာဆုံး ပဋိပက္ခ ဖြစ်ပါတယ်။

လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ တရားမဝင် မူးယစ်ဆေး ကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ကိုလံဘီယာ အစိုးရနဲ့ FARC သူပုန်အဖွဲ့အကြား သဘောတူချက်တွေ ရခဲ့ကြပြီး ဖြစ်ပါတယ်။