ဗောက်စ်ဝက်ဂွန် ဥက္ကဋ္ဌရဲ့ အနာဂတ် မရေရာသေး

  • 23 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အိတ်ဇောငွေ့ ထုတ်လွှတ်မှု စစ်ဆေးချက်တွေကို လွဲမှားစေခဲ့တဲ့အပေါ် ဗောက်စ်ဝက်ဂွန် ဥက္ကဋ္ဌက တောင်းပန်ခဲ့။

ကားအိတ်ဇောငွေ့ ထုတ်လွှတ်မှု စစ်ဆေးချက်တွေကို လွဲမှားစေခဲ့တဲ့ အမှုကြီး ပေါ်ပေါက် ခဲ့ပြီးနောက် ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီကြီးရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ကုမ္ပဏီ ထိပ်တန်း အရာရှိ ၅ ဦးတို့ တွေ့ဆုံ ဆွေးနွေး နေပါတယ်။

ဒီအမှု ပေါက်ကြားခဲ့တဲ့နောက် စုံစမ်း စစ်ဆေးမှုတွေကို အနှံ့အပြား လုပ်ဆောင်လာကြပြီး ဗောက်စ်ဝက်ဂွန် အနေနဲ့ ငွေကြေး ထိခိုက် ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ကြုံလာရဖွယ် ရှိပါတယ်။

လာမယ့် သောကြာနေ့မှာ စာချုပ်အသစ် တိုးရဖို့ ရှိတဲ့ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီ ဥက္ကဋ္ဌ Martin Winterkorn ရဲ့ ရာထူးနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေလည်း အမျိုးမျိုး ထွက်ပေါ် နေပါတယ်။

တစ်ချိန်တည်းမှာ ဂျာမနီ အစိုးရက အဲဒီ အိတ်ဇောငွေ့ အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ရာဇဝတ်မှု ဆိုင်ရာ ပဏာမ စစ်ဆေးမှုတွေ လုပ်ဆောင် နေပြီလို့ ဆိုပါတယ်။

ကမ္ဘာ့ အကြီးဆုံး ကားကုမ္ပဏီကြီး ဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်ဟာ သူ့ရဲ့ ဒီဇယ်ကားတွေမှာ အိတ်ဇောငွေ့ ထုတ်လွှတ်မှု စစ်ဆေးချက်တွေကို လျော့ကျစေတဲ့ ကိရိယာ တစ်ခု တပ်ဆင်ခဲ့ပြီး အမေရိကန် စုံစမ်း စစ်ဆေးသူတွေကို လှည့်ဖျားခဲ့တယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ဗောက်စ်ဝက်ဂွန် ဥက္ကဋ္ဌ မစ္စတာ Winterkorn အနေနဲ့ အဓိက ရှယ်ယာရှင်တွေရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးခဲ့ပြီလို့ ဂျာမနီ ပြည်တွင်းက သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ