တရုတ်သမ္မတ ဝါရှင်တန်ဒီစီကို ရောက်ရှိနေ

  • 25 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီကို ရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင်းပင်ဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အချိုးအကွေ့ ဖြစ်စေမယ့် ကာဗွန်ဓာတ်ငွေ့ ထိန်းချုပ်ရေး အစီအစဉ် တစ်ရပ်ကို ထုတ်ဖော် ကြေညာဖို့ ရှိတယ်လို့ အမေရိကန် အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းကတော့ သမ္မတ ရှီကျင်းပင်နဲ့ သမ္မတ အိုဘားမားတို့ နှစ်ဦး အိမ်ဖြူတော်မှာ အလွတ်သဘော တွေ့ဆုံ စကားပြောခဲ့ပြီး အီရန် နျူကလီးယား အစီအစဉ်ကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။

ပထမဆုံး တရားဝင် ခရီးစဉ်နဲ့ အမေရိကန်ကို ရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင်းပင်ကို ဒီကနေ့ သောကြာနေ့မှာ အိမ်ဖြူတော်က ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေမှာ တရုတ်အစိုးရ ပါဝင် ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေက သမ္မတ ရှီကျင်းပင်ရဲ့ ခရီးစဉ်ကို အရိပ်မည်း အဖြစ် လွှမ်းမိုး နေပါတယ်။

သမ္မတ ရှီကျင်းပင်ဟာ သူ့ရဲ့ တစ်ပတ်ကြာ ခရီးစဉ်ရဲ့ နောက်ဆုံး အဆင့် အဖြစ် ဝါရှင်တန် ဒီစီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။