ဟာ့ဂျ် ဘုရားဖူး အစီအစဉ်ကို အပြည့်အဝ ပြန်သုံးသပ်ဖို့ ဆော်ဒီ ဘုရင် ညွှန်ကြား

mecca ဓာတ်ပုံ မူပိုင် Saudi Civil Defence Directorate
Image caption နှစ်ပေါင်း ၂၅ နှစ် အတွင်း အဆိုးဆုံး လူသေကြေမှု ဖြစ်ခဲ့တဲ့ မီနာ

မွတ်ဆလင်တွေ အထွတ်အမြတ်ထားရာ မက္ကာမြို့အပြင်မှာ ဘုရားဖူးတွေ အချင်းချင်း တိုးပိမိပြီး လူ၇၀၀လောက် သေဆုံးခဲ့ရအပြီးမှာ ဆော်ဒီအာရေဗျ ဘုရင် ဆယ်မန် က နှစ်စဉ် ကျင်းပနေကျ ဟာ့ဂျ် ဘုရားဖူး အစီအစဉ်ကို အပြည့်အဝ ပြန်သုံးသပ်ဖို့ ညွှန်ကြားလိုက်ပါတယ်။

နှစ်ပေါင်း ၂၅နှစ်အတွင်း အဆိုးဝါးဆုံးလို့ ဆိုရမယ့် အဲဒီ ဖြစ်ရပ်အတွင်း လူ ၈၅၀ကျော်လည်း ဒဏ်ရာရခဲ့ကြပါတယ်။

ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ဆော်ဒီအာရေဗျ ဘုရင် ဆယ်မန် က ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမြန်ဆုံး စုံစမ်း စစ်ဆေးပြီး ရလဒ်တွေကို တင်ပြကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ညွှန်ကြားထားကြောင်း၊ ဘုရားဖူး အစီအစဉ် ဆောင်ရွက်တဲ့ အဖွဲ့အစည်းကို ပိုကောင်းမွန်အောင် လုပ်ဖို့ နဲ့ ဘုရားဖူးတွေရဲ့ သွားလာမှုတွေမှာ ပိုအဆင်ပြေ ချောမွေ့အောင် လုပ်ဖို့ လိုကြောင်း က ပြောသွားပါတယ်။

ဒါပေမဲ့ လည်း အီရန် အစိုးရကတော့ ဆော်ဒီအာရေဗျ အစိုးရဟာ ဘုရားဖူးတွေအတွက် လုံခြုံရေး အလုံအလောက် ထောက်ပံ့ပေးနိုင်စွမ်း မရှိဘူးလို့ စွပ်စွဲ လိုက်သလို အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီကလည်း ဆော်ဒီ အစိုးရဟာ ဘုရားဖူးတွေအပေါ် တာဝန် ဝတ္တရား ပေါ့ဆခဲ့တယ် ဆိုပြီး စွပ်စွဲ ပြောဆိုလိုက်ပါတယ်။