ဆီးရီးယားအရေး အမေရိကန်ကိုင်တွယ်ပုံ သမ္မတပူတင်ဝေဖန်

  • 27 စက်တင်ဘာ 2015
Image caption ဆီးရီးယား သူပုန်တွေ ကို လက်နက် တပ်ဆင် ပေး နေတဲ့ လုပ်ရပ် ဟာ တရား မဝင် တဲ့ အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ဖြစ်လာ နိုင်။

နယူးယောက်မြို့တော် မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ နဲ့ အပြိုင် နိုင်ငံတကာ ခေါင်းဆောင်တွေ ဟာ သီးခြား တွေ့ဆုံပွဲ တွေ ပြုလုပ်ပြီး ဆီးရီးယား အရေးကို သံတမန် နည်းနဲ့ ဖြေရှင်း နိုင်ဖို့ ကြိုးစား နေကြပါတယ်။

စက်တင်ဘာ ၂၈ ရက် တနင်္လာနေ့ မှာ အမေရိကန် နဲ့ ရုရှား သမ္မတ ၂ ဦးတို့ တွေ့ဆုံ ကြပါလိမ့်မယ်။

ဒီတွေ့ဆုံပွဲ မတိုင်ခင် မှာပဲ ရုရှား သမ္မတ ပူတင်က အမေရိကန် အနေနဲ့ ဆီးရီးယား သမ္မတ အာဆတ် ကို တိုက်ခိုက်နေတဲ့ သူပုန်တွေ ကို လက်နက် တပ်ဆင် ပေးနေတဲ့ လုပ်ရပ် ဟာ တရား မဝင် တဲ့ အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ဖြစ်လာ နိုင်တယ် ဆိုပြီး ဝေဖန် လိုက်ပါတယ်။

ဒါ့အပြင် အီရတ် နဲ့ ဆီးရီးယား နိုင်ငံတွေ မှာ ထကြွနေတဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို တိုက်ခိုက် ဖို့ရာ လုပ်ငန်းစဉ် တစ်ရပ် ချမှတ် နိုင်ဖို့ ကြိုးစား နေတယ် လို့လည်း မစ္စတာ ပူတင် က ဆိုပါတယ်။

ဒီ့အတွက် အီရန် အပါအဝင် ဆီးရီးယား နဲ့ အီရတ် အစိုးရ တွေ နဲ့ ရုရှား အကြား သတင်း အချက်အလက် တွေ ဖလှယ် နေတာမျိုး တွေ ရှိတယ် လို့ မစ္စတာ ပူတင် က ပြောပါတယ်။

သမ္မတ ၂ ဦး မတွေ့ဆုံမီ အမေရိကန် နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး တွေ တွေ့ဆုံ ခဲ့ကြတာမှာ တော့ ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး ၂ နိုင်ငံ အမြင် တွေ ကို ထဲထဲဝင်ဝင် ဖလှယ် ခဲ့တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန က ထုတ်ပြန် ပါတယ်။

ဒီ အချိန်မှာပဲ ပြင်သစ် နိုင်ငံ က ဆီးရီးယား ထဲမှာ ပထမဆုံး အကြိမ် လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ပြီး ဒီလို တိုက်ခိုက် ရတာဟာ ပြင်သစ်ပြည် ကို ခုခံ ကာကွယ် ဖို့ အတွက် ဖြစ်တယ် လို့ ဆိုပါတယ်။

ပြင်သစ် ကို တိုက်ခိုက်ဖို့ ပြင်ဆင် နေကြတဲ့ ဆီးရီးယား အရှေ့ဘက်ပိုင်း မှာ တည်ရှိတဲ့ IS တို့ရဲ့ လေ့ကျင့်ရေး စခန်း တစ်ခု ကို အခု ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု ကနေ ဖျက်စီး နိုင်ခဲ့တယ် ဆိုပြီး ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န်း က ပြောပါတယ်။

တကယ်လို့ လိုအပ်လာဦးမယ် ဆိုရင် လေကြောင်း တိုက်ခိုက်မှု တွေ ဆက်လက် ပြုလုပ်ဦး မှာ ဖြစ်တယ် လို့လည်း သမ္မတ အိုလော်န်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ