ဆီးရီးယားအရေး ကုလ အထွေထွေညီလာခံမှာ ပြောကြား

  • 28 စက်တင်ဘာ 2015
putin ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ဝါဆော မဟာမိတ် အဖွဲ့ ဆိုတာ မရှိတာ ကြာခဲ့ပြီ ဖြစ်တဲ့ နောက် အခု NATO အဖွဲ့ ကို တိုးချဲ့မြဲ တိုးချဲ့နေတာ ဘာ အဓိပ္ပာယ် ရှိသလဲ ဆိုပြီးတော့ မစ္စတာ ပူတင် က မေးခွန်း ထုတ်။

အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တော် မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပ နေတာ နဲ့ အတူ သီးခြား တွေ့ဆုံပွဲ အဖြစ် အမေရိကန် နဲ့ ရုရှား သမ္မတ တို့ တွေ့ဆုံ နေကြ ပါတယ်။

အစောပိုင်းတုန်းက အထွေထွေ ညီလာခံ မှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲ မှာတော့ ရုရှား သမ္မတ ပူတင် က ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ချေမှုန်း ရာမှာ ဆီးရီးယား သမ္မတ ဘရှားအယ်လ်အာဆတ် နဲ့ အတူ ပူးပေါင်း မဆောင် ရွက် တာဟာ အင်မတန် ကြီးကျယ် တဲ့ အမှား ဖြစ်တယ် လို့ ပြောခဲ့ ပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေ ကသာ အကြမ်းဖက် ဝါဒကို သတ္တိ ရှိရှိ လူချင်းတွေ့ မျက်နှာချင်း ဆိုင် တိုက် နေတဲ့ တစ်ခုတည်း သော တပ် တွေ ဖြစ်တယ် ဆိုပြီးတော့လည်း ကုလသမဂ္ဂ ရဲ့ အထွေထွေ ညီလာခံ မှာ ပြောခဲ့တဲ့ သမ္မတ ပူတင်ရဲ့ မိန့်ခွန်းထဲ ပါဝင်ပါတယ်။

ဒုတိယ ကမ္ဘာ စစ်အတွင်းက နိုင်ငံအများ မဟာမိတ် ဖွဲ့ ပြီး နာဇီ တွေ ကို တိုက်ခဲ့ သလိုမျိုး အခု IS အဖွဲ့ ကို တိုက်ခိုက် တဲ့ နေရာမှာ လည်း ကျယ်ကျယ် ပြန့်ပြန့် နဲ့ စုပေါင်း တပ် ဖွဲ့ ကြဖို့လည်း မစ္စတာ ပူတင် က တိုက်တွန်း ပါတယ်။

ယူကရိန်း အရှေ့ပိုင်း က ရုရှားခွဲထွက်ရေး သမားတွေ ရဲ့ ရည်မှန်းချက် တွေ အပေါ် မှာလည်း မစ္စတာ ပူတင် က ကာကွယ် ပြောဆို ခဲ့တဲ့ အပြင် NATO စစ်ရေး မဟာမိတ် စာချုပ် အဖွဲ့ အနေနဲ့ အဖွဲ့ဝင် နိုင်ငံတွေ တိုးချဲ့ သိမ်းသွင်း လာတဲ့ အပြုအမူ ကို ဝေဖန် ခဲ့ ပါတယ်။

စစ်အေး ခေတ် ကာလတုန်းက အနောက်အုပ်စု ရဲ့ NATO အဖွဲ့ နဲ့ အပြိုင်ဖြစ်တဲ့ ဆိုဗီယက် အုပ်စု ရဲ့ ဝါဆော မဟာမိတ် အဖွဲ့ ဆိုတာ မရှိတာ ကြာခဲ့ပြီ ဖြစ်တဲ့ နောက် အခု NATO အဖွဲ့ ကို တိုးချဲ့မြဲ တိုးချဲ့နေတာ ဘာ အဓိပ္ပာယ် ရှိသလဲ ဆိုပြီးတော့ မစ္စတာ ပူတင် က မေးခွန်း ထုတ်ပါတယ်။

တခါ၊ အမေရိကန် သမ္မတ အိုဘားမား ကလည်း ဆီးရီးယား အရေး ဖြေရှင်း နိုင်ဖို့ ရာ မူဝါဒ ပိုင်းဆိုင်ရာ အလျှော့အတင်း လုပ်ကြဖို့ ကုလသမဂ္ဂ ရဲ့ အထွေထွေ ညီလာခံ မှာ တိုက်တွန်း ခဲ့ ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ လည်း ဆီးရီးယား အကြပ်အတည်း အတွက် ဆိုရင် ရုရှား နဲ့ အီရန် အပါအဝင် ဘယ်လို နိုင်ငံ မျိုးနဲ့ မဆို အတူ လက်တွဲ လုပ်ဆောင် ဖို့ ပြင်ဆင် ထားတယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယား မှာ သမ္မတ အာဆတ် လက်ထဲ ကနေ အာဏာ အလွှဲအပြောင်း ဖြစ်ဖို့ တော့ စီမံ ဆောင်ရွက် ရမှာ ဖြစ်တယ် လို့ သမ္မတ အိုဘားမား က ပြောပြီး ဆီးရီးယား သမ္မတ အာဆတ်ဟာ ကလေးတွေ ပေါ်ကို စည်ပိုင်းဗုံးတွေ ကြဲချတဲ့ ကြမ်းကြုတ် ရက်စက်တဲ့ အာဏာရှင် ဆိုပြီး ခေါ်ဝေါ် ခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်း အရေး မှာ ရန်လိုမှု တွေ ရပ်ဆိုင်းပြီး သံတမန် ဆက်ဆံ ဆောင်ရွက်မှု တွေ ပြုလုပ်ဖို့ ရုရှားကိုလည်း သမ္မတ အိုဘားမား က တိုက်တွန်း ခဲ့ ပါတယ်။

တရုတ် သမ္မတ ရှီကျင်းပင် ကလည်း နိုင်ငံတကာ ငြိမ်ချမ်းရေး ထိန်းသိမ်းရေး တပ်ထဲ မှာ တရုတ် နိုင်ငံ အနေနဲ့ အင်အား ၈ ထောင် ပူးပေါင်း ပါဝင် မယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ အထွေထွေ ညီလာခံ မှာ ကတိပေး ပြောကြား ခဲ့ ပါတယ်။

ဒါ့အပြင် အာဖရိက နိုင်ငံများ သမဂ္ဂ က ဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ် တွေ ကိုလည်း ဒေါ်လာ သန်း ၁၀၀ ဖိုး စစ်ရေး ဆိုင်ရာ အကူအညီ ပေးမယ် လို့လည်း မစ္စတာ ရှီက ဆိုပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ ဓန အင်အား အရ ပိုပြီး ကြွယ်ဝ လာသလို ပါဝါ အင်အား ပိုကြီးမား လာတဲ့ ဒီဘက်ပိုင်း နှစ် တွေ မှာ သူတို့ နယ်နမိတ် ထက် ကျော် လွန်ပြီး နိုင်ငံတကာ အရေး တွေ မှာ ပိုမို ပါဝင် ပတ်သက် လာ တယ် လို့ သတင်းထောက် တွေ က ဆိုပါတယ်။

အခု ဆိုရင် ရှေ့လျှောက် ကြုံတွေ့ ရမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းတွေ ထဲမှာ ကုလ သမဂ္ဂ တပ် အနေနဲ့ ပါဝင်မယ် ဆိုပြီး ကတိ ပြုထားတဲ့ နိုင်ငံ ပေါင်း ၅၀ ကျော် ရှိ နေပြီး၊ အင်အား အရ စုစုပေါင်း ၃ သောင်း ရှိနေတယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ဆိုပါတယ်။

ကမ္ဘာကြီး ပေါ်က လက်နက်ကိုင် ပဋိပက္ခ တွေ ကိုင်တွယ် ဖြေရှင်း ရာမှာ ဘယ်ရီ ဦးထုပ် အပြာရောင် ဆောင်းထားတဲ့ ကုလတပ် တွေ က အရေးအပါဆုံး အခန်းကဏ္ဍ ထဲမှာ ဆက်လက် ရှိနေဦး မှာ ဖြစ်တယ် လို့ သမ္မတ အိုဘားမား က ပြောခဲ့ပြီး အမေရိကန် အနေနဲ့လည်း ကုလ သမဂ္ဂ တပ်ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းတွေ ကို အထောက်အပံ့ တွေ ပိုမို တိုးမြှင့် ပေးသွားမယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ