ခွန်ဒုဇ်မြို့ကို ပြန်သိမ်းဖို့ အာဖဂန်တပ်တွေ တိုက်ခိုက်

  • 29 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ခန်ဒက်ဇ်မြို့ကို ပြန်သိမ်းနိုင်ဖို့ အာဖဂန် အထူး တပ်ဖွဲ့တွေကို ပို့လွှတ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ တနင်္လာနေ့က တာလီဘန်တွေရဲ့ လက်အောက် ကျရောက်သွားတဲ့ ခွန်ဒုဇ် မြို့ကို ပြန်သိမ်းနိုင်ဖို့ ဒီကနေ့ အင်္ဂါနေ့မှာ အာဖဂန် အစိုးရတပ်တွေက စစ်ဆင်ရေး တစ်ခုကို စတင် ခဲ့တဲ့ အတွက် မြို့တွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

အာဖဂန် တပ်တွေက အစိုးရ အဆောက်အအုံ တချို့ကို ပြန်သိမ်း နိုင်ခဲ့ပြီလို့ သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ပြောပါတယ်။

အမေရိကန် တိုက်လေယာဉ် တွေကလည်း ခွန်ဒုဇ် မြို့စွန်က တာလီဘန် စခန်းတွေကို ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ နေတိုး အဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

လက်ရှိ သမ္မတ ဂါနီ အာဏာရပြီး တစ်နှစ်တိတိ ပြည့်ချိန်မှာ တာလီဘန်တွေက အခုလို ခန်ဒက်ဇ်မြို့ကို ရုတ်တရက် ဝင်ရောက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ သမ္မတ ဂါနီရဲ့ ရုပ်သံ မိန့်ခွန်းမှာ ခွန်ဒုဇ်မြို့ကို ပြန်သိမ်းဖို့ ကတိပေးခဲ့ပြီး၊ တာလီဘန်တွေဟာ အရပ်သားတွေကို ကျည်ကာအဖြစ် သုံးနေတယ်လို့လည်း သူက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ခွန်ဒုဇ်မြို့ဟာ အမေရိကန်တွေ ဝင်ရောက် တိုက်ခိုက်တဲ့ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာ တာလီဘန်တွေ လက်ထဲ ပထမဆုံး ရောက်သွားတဲ့ ပြည်နယ် မြို့တော် ဖြစ်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ