မွမ်ဘိုင်း ဗုံးခွဲမှုတွေအတွက် ၅ ဦးကို သေဒဏ်ချ

  • 30 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဗုံးခွဲမှုတွေက ပထမတန်း လူစီးတွဲတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရ။

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့မှာ ၂၀၀၆ ခုနှစ်က ဖြစ်ခဲ့တဲ့ ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံထားရသူတွေထဲက လူ ၅ ဦးကို မွမ်ဘိုင်းမြို့ တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။

ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံထားသူ ၁၂ ဦး အနက် ကျန်တဲ့ လူ ၇ ဦးကိုတော့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။

၂၀၀၆ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်း လူစည်ကားချိန် အတွင်း မွမ်ဘိုင်းမြို့ မြို့ပတ် ရထားလမ်းတွေမှာ ၇ ကြိမ် ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် ၁၈၉ ယောက် သေဆုံးခဲ့ပြီး ၈၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်က ထောက်ပံ့ ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ စွပ်စွဲ ခဲ့ကြပေမယ့် ပါကစ္စတန် ကတော့ ငြင်းဆန် ခဲ့ပါတယ်။

တရားခံ ရှေ့နေက သတင်းထောက်တွေကို ပြောရာမှာတော့ သူတို့တွေဟာ အကွက်ဆင် ခံခဲ့ရတဲ့ အပြစ်မဲ့သူတွေ ဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့မှာ တရားရုံးချုပ်က အမိန့်ချတဲ့ အခါ ထပ်မံ ခုခံ လျှောက်လဲ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူသတ်မှု၊ တိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်မှု၊ နိုင်ငံတော် ပုန်ကန်မှုတွေနဲ့ အဲဒီလူ ၁၂ ဦးကို အခုလ အစောပိုင်းက ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ