ဆီးရီးယား အတွင်း ရုရှား ထပ်မံ လေကြောင်းတိုက်ခိုက်

  • 1 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ၂၄ နာရီအတွင်း IS ပစ်မှတ် ၁၂ ခုကို ထိမှန်ခဲ့တယ်လို့ ရုရှား ပြော။

ဆီးရီးယား နိုင်ငံ အတွင်းမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တယ် ဆိုတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှားက ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ပြုလုပ် ခဲ့ပါတယ်။

IS အဖွဲ့ စခန်းတွေနဲ့ လက်နက်တိုက်တွေကို ရုရှား တိုက်လေယာဉ်တွေက ပစ်ခတ် ဖျက်ဆီး ပစ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့် ရုရှားတို့ တိုက်ခိုက်ခဲ့တဲ့ နေရာတွေက ဆီးရီးယား အစိုးရနဲ့ IS အဖွဲ့ကို ဆန့်ကျင်တဲ့ တခြားအဖွဲ့တွေရဲ့ ဧရိယာတွေ ဖြစ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား အနေနဲ့ IS အဖွဲ့ မဟုတ်တဲ့ ဆီးရီးယား သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သလား ဆိုပြီး အမေရိကန်နဲ့ သူ့မဟာမိတ်တွေက စိုးရိမ် နေကြပါတယ်။ ရုရှားကတော့ ဒါကို ငြင်းဆို ထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း IS အဖွဲ့ရဲ့ ပစ်မှတ် ၁၂ ခုကို ပစ်ခတ် ထိမှန်ခဲ့တယ်လို့ ရုရှားက ပြောထားပြီး၊ ဒါကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ