ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အိုဘားမား ရှုတ်ချ

  • 2 အောက်တိုဘာ 2015
_obama_oregon_tiroteo_ ဓာတ်ပုံ မူပိုင် AP
Image caption ရုရှား ရဲ့ တိုက်ခိုက် မှု တွေ ဟာ ဆီးရီးယား အတွင်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို အင်အား ပိုကောင်း လာစေ လိမ့်မယ်။

ဆီးရီယား နိုင်ငံထဲ ရုရှား က ပြုလုပ် နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေ အပေါ် အမေရိကန် သမ္မတ အိုဘားမား က ရှုတ်ချ ပြောဆို လိုက် ပါတယ်။

ရုရှား ရဲ့ တိုက်ခိုက် မှု တွေ ဟာ ဆီးရီးယား အတွင်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို အင်အား ပိုကောင်း လာစေ လိမ့်မယ် လို့ သမ္မတ အိုဘားမား က ဝေဖန် ပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်း က ရုရှား သမ္မတ ပူတင် နဲ့ ပြုလုပ် ခဲ့တဲ့ စကားပြောဆို မှု တွေ မှာ သဘောထား မတင်းမာတဲ့ ဆီးရီးယား သူပုန် အုပ်စု တွေ နဲ့ IS အဖွဲ့ အကြား ရုရှား က ခွဲခြားပြီး မမြင် ထား တာ ကို သိခဲ့ရတယ် လို့ မစ္စတာ အိုဘားမား က ဆိုပါတယ်။

ဆီးရီးယား နိုင်ငံထဲ မှာ အကြမ်းဖက်ဝါဒ ကို မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက် နေတဲ့ တစ်ခုတည်း သော တပ် ဖြစ်တဲ့ ဆီးရီးယား အစိုးရ စစ်တပ် နဲ့သာ ပူးပေါင်း ဆောင်ရွက်တာမျိုး မပြုလုပ်ရင် လေကြောင်း တိုက်ခိုက်မှု တွေဟာ အလကားပဲ လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Walid Moallem က အစောပိုင်း တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညနေခင်း က စလို့ ရုရှား အနေနဲ့ ဆီးရီးယား ထဲမှာ လေကြောင်း တိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ် ခဲ့ပြီးပြီ လို့ ရုရှား က အတည်ပြု ပြောထား ပါတယ်။

ဆီးရီးယား အစိုးရတပ် ကို ဆန့်ကျင် နေတဲ့ အမေရိကန် ကျောထောက် နောက်ခံ ပြု သူပုန် တွေ ရဲ့ အလက်ပို မြို့လယ်က ပင်မ ကွပ်ကဲရေး စခန်း ကို ရုရှား ဂျက်လေယာဉ် တွေ တိုက်ခိုက် ခဲ့တယ် လို့ ဆီးရီးယား အစိုးရ ကို ဆန့်ကျင် လှုပ်ရှား နေသူ တွေ က ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ရဲ့ အဓိက ခြေကုပ်မြို့ ဖြစ်တဲ့ ရက်ခါ ကိုလည်း ရုရှား က ပထမဆုံး အကြိမ် ပစ်မှတ် ထား တိုက်ခိုက် လာတယ် လို့လည်း အဲဒီ့သူ တွေ ကပဲ ဆိုပါတယ်။

ဆီးရီးယား ထဲ ပြုလုပ်နေတဲ့ ရုရှား ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ အပေါ် ဗြိတိန် ရဲ့ သဘောထား နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ဘီဘီစီ ကို ပြောကြား ခဲ့တာ မှာတော့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေကို ပစ်မှတ်ထား တယ် ဆိုရင်တော့ ထောက်ခံ နိုင်ပေမယ့် ၊ ဆီးရီးယား အစိုးရ ကို ဆန့်ကျင် နေတဲ့ တခြား အဖွဲ့တွေ ကို ပစ်မှတ် ထားတာ မျိုး ကို တော့ လက်မခံ နိုင်ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ