ရူပဗေဒ နိုဘယ်ဆု၊ နျူထရီနို လေ့လာသူတွေ ရရှိ

  • 6 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP

အခုနှစ် အတွက် ရူပဗေဒ နိုဘယ်ဆုကို ဂျပန်က တာကာအာကီ ကာဂျီတာ Takaaki Kajita နဲ့ ကနေဒါက အာသာ မက်ဒေါနယ် Arthur B McDonald တို့ နှစ်ဦးက ပူးတွဲ ရရှိသွားပါတယ်။

သူတို့ နှစ်ဦးဟာ စကြဝဠာရဲ့ နေရာတိုင်းမှာ ရှိနေတဲ့ နျူထရီနို ခေါ် အက်တမ်အောက် အမှုန်တစ်မျိုးရဲ့ သဘော သဘာဝနဲ့ ပတ်သက်ပြီး တွေ့ရှိချက် အသစ်တွေ ဖော်ထုတ် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

နျူထရီနို အမှုန်တွေဟာ နေရာတိုင်းမှာ အလျှံပယ် တွေ့နေရတဲ့ အက်တမ်အောက် အမှုန်တွေ ဖြစ်ပြီး ဒြပ်ထု မရှိသလောက် နီးနီး ဖြစ်ကာ၊ တခြား အရာတွေနဲ့ တုံ့ပြန် ဆက်သွယ်မှုလည်း ရှားပါးတဲ့ အတွက် သူတို့ကို လေ့လာဖို့ အလွန် ခက်ခဲပါတယ်။

မစ္စတာ တာကာအာကီ ကာဂျီတာနဲ့ မစ္စတာ အာသာ မက်ဒေါနယ်တို့ နှစ်ဦးဟာ နျူထရီနို လေ့လာတဲ့ အဖွဲ့ ၂ ဖွဲ့ကို ဂျပန်နဲ့ ကနေဒါမှာ ကိုယ်စီ ဦးဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ စမ်းသပ် လေ့လာမှုတွေကနေ နျူထရီနို အမှုန်တွေမှာ ဒြပ်ထု ရှိတယ် ဆိုတာ ဖော်ထုတ် နိုင်ခဲ့ကြတာပါ။ ဒြပ်ထုတွေရဲ့ အတွင်းအကျဆုံး အပိုင်းက ဆောင်ရွက်ပုံတွေ အကြောင်း ကျွန်ုပ်တို့ သိရှိ နားလည် ထားချက်တွေကို သူတို့ရဲ့ တွေ့ရှိချက်က ပြောင်းလဲ စေခဲ့တယ်လို့ နိုဘယ်ဆု ရွေးချယ်တဲ့ ဆွီဒင် သိပ္ပံ အကယ်ဒမီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ