ဆေးရုံ ဗုံးကြဲခံရမှု၊ စစ်ရာဇဝတ်မှုအဖြစ် MSF ကြိုးပမ်း

  • 7 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆေးရုံရဲ့ တည်နေရာကို လူတိုင်း သိတဲ့အတွက် မှားယွင်းမှု မဖြစ်နိုင်ဘူးလို့ MSF ပြော။

အာဖဂန် နစ္စတန် နိုင်ငံ ခွန်ဒုဇ် မြို့က ဆေးရုံ ဗုံးကြဲခံရတဲ့ ကိစ္စကို စုံစမ်း စစ်ဆေးရာမှာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး ကော်မရှင်ကို အသုံးပြု နိုင်ဖို့အတွက် အဲဒီ ဆေးရုံကို ဦးစီး ဆောင်ရွက် ပေးခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ကြိုးပမ်း နေပါတယ်။

အဲဒီ အမှုအတွက် အမေရိကန် တရားရေးဌာန၊ ပင်တဂွန် စစ်ဌာနချုပ်၊ နေတိုး မဟာမိတ် အဖွဲ့နဲ့ အမေရိကန် အာဖဂန် တပ်ဖွဲ့တွေက စုံစမ်း စစ်ဆေးမှုတွေ အသီးသီး လုပ်ဆောင် နေပေမယ့် MSF အဖွဲ့ကတော့ အဲဒီ အဖွဲ့အစည်းတွေကို အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။

ဂျီနီဗာ ကွန်ဗင်းရှင်း အရ ၁၉၉၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ International Humanitarian Fact-Finding Commission လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ (IHFFC) ကို အသုံးပြုဖို့ MSF က ကြိုးစား နေတာပါ။

အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ရတဲ့ အဲဒီဆေးရုံ ဗုံးကြဲ တိုက်ခိုက် ခံရမှုဟာ မှားယွင်း တိုက်ခိုက်မှု ဖြစ်တယ်လို့ အမေရိကန် ဘက်က ပြောပါတယ်။

ခွန်ဒုဇ် မြို့ကို တာလီဘန်တွေ လက်ကနေ ပြန်သိမ်းဖို့ ကြိုးစားစဉ် အတွင်း စနေနေ့က အဲဒီ ဆေးရုံကို အမေရိကန်က ဗုံးကြဲ တိုက်ခိုက် ခဲ့တာပါ။ သေဆုံးသူ ၂၂ ယောက်မှာ လူနာက ၁၀ ယောက် ဖြစ်ပြီး MSF ဝန်ထမ်းက ၁၂ ယောက် ပါဝင် ပါတယ်။

MSF ကတော့ ဆေးရုံရဲ့ သိသာထင်ရှားတဲ့ တည်နေရာကြောင့် ဒီတိုက်ခိုက်မှုဟာ မှားယွင်းမှု မဖြစ်နိုင်ဘဲ စစ်ရာဇဝတ်မှု အဖြစ် စစ်ဆေးနိုင်ဖို့ ကြိုးစား သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ