ဆီးရီးယား IS တွေကို ဒုံးကျည်တွေနဲ့ ရုရှား လှမ်းပစ်

  • 7 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကက်စပီယံ ပင်လယ်ထဲကနေ ဒုံးကျည် ၂၆ စင်း လှမ်းပစ်ခဲ့တယ်လို့ ရုရှား ပြော။

ဆီးရီးယား နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ရဲ့ ပစ်မှတ်တွေကို မိုင် ၁ ထောင်လောက် အကွာ ကက်စပီယံ ပင်လယ်ထဲက ရုရှား စစ်သင်္ဘောတွေ ပေါ်ကနေ ဒုံးကျည်တွေနဲ့ လှမ်းပစ် ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

ရုရှား စစ်သင်္ဘော ၄ စီးကနေ ခရုဇ် ဒုံးကျည် ၂၆ စင်းကို ပစ်မှတ် ၁၁ ခုဆီ ပစ်ခတ်ခဲ့ပြီး အဲဒီ ပစ်မှတ်တွေ ထိမှန် ပျက်စီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က ပြောပါတယ်။

တချိန်တည်းမှာ ဆီးရီးယား အစိုးရရဲ့ မြေပြင် တပ်တွေကလည်း ရုရှားရဲ့ လေကြောင်း ပစ်ကူနဲ့အတူ ထိုးစစ်တစ်ခု စတင် ခဲ့တယ်လို့ ဆီးရီးယား အရာရှိတွေက ပြောပါတယ်။

သီတင်း တစ်ပတ်လောက် ကြာခဲ့ပြီ ဖြစ်တဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု အများစုဟာ IS မဟုတ်တဲ့ တခြား အဖွဲ့တွေရဲ့ ပစ်မှတ်တွေကိုသာ အများစု ထိမှန်ခဲ့တယ် ဆိုတဲ့ ပြောဆိုချက် တွေကိုတော့ ရုရှားက ငြင်းဆို ပါတယ်။

အကြမ်းဖက်သမား အားလုံးကို ပစ်မှတ်ထား တိုက်ခိုက် နေတယ်လို့ ရုရှားက ပြောပေမယ့် သူတို့ရဲ့ လေကြောင်း တိုက်ခိုက်မှု တချို့ကတော့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ သူပုန်တွေနဲ့ အရပ်သားတွေကို ထိမှန်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ