MSF အကြီးအကဲကို သမ္မတ အိုဘားမား တောင်းပန်

  • 8 အောက်တိုဘာ 2015
Image caption ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ အနည်းဆုံး ၂၂ဦး သေဆုံးခဲ့

အာဖဂန်နစ္စတန်နိုင်ငံ ခွန်ဒူးဇ်မြို့မှာ အမေရိကန်တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ ဆေးရုံတခု ထိမှန်ခဲ့တာနဲ့ ပတ်သက်လို့ MSF အကြီးအကဲကို အမေရိကန် သမ္မတ အိုဘားမားက ကိုယ်တိုင် ဖုန်းဆက် တောင်းပန်စကား ပြောကြားခဲ့ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသွား ခဲ့သူတွေအတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာစွာ အသေအချာ စုံစမ်း စစ်ဆေးမှု တခု လုပ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

စနေနေ့က ဖြစ်ခဲ့တဲ့ အဲဒီ ဖြစ်ရပ်အတွင်း ဆေးရုံ ဝန်ထမ်းတွေနဲ့ လူနာတွေ အနည်းဆုံး ၂၂ဦးလောက် သေဆုံးခဲ့ပါတယ်။

MSF က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီဖြစ်ရပ်အပေါ် IHFFC ခေါ် လူသားချင်း စာနာ ထောက်ထားတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး ကော်မရှင်က သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ ဆက်လက် တောင်းဆိုထားပါတယ်။

အမေရိကန် ၊ နေတိုးနဲ့ အာဖဂန် နစ္စတန် အစိုးရ တွေရဲ့ စုံစမ်း စစ်ဆေးမှုတွေကိုပဲ အားကိုးယုံကြည်လိုစိတ် မရှိဘူးလို့ MSF က ပြောပါတယ်။

ဗုံးထိမှန်ခဲ့တဲ့ ဆေးရုံရဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေကို အများက သိနေကြတာမို့ ဒီဗုံးကြဲ တိုက်ခိုက်မှုဟာ မတော်တဆ မှားယွင်းမှု မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။