အန်ကာရာ ဗုံးကွဲမှု သေဆုံးသူ အရေအတွက် အငြင်းပွား

  • 11 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ဗုံးပေါက်ကွဲအပြီး တွေ့ရစဉ်

တူရကီ နိုင်ငံ အန်ကာရာ မြို့ က ငြိမ်းချမ်းရေး ဆန္ဒပြပွဲမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် လူ ၁၂၈ ဦး သေဆုံး ခဲ့တယ်လို့ ကဒ် လူမျိုးစု အရေး လိုလားတဲ့ HDP ပါတီ က ပြောကြားလိုက်ပြီး အစိုးရ ဘက်ကတော့ ၉၅ ယောက်သာ ဖြစ်ကြောင်း ပြောဆို နေပါတယ်။

HDP ပါတီ ဘက်က သေဆုံးခဲ့ သူတွေထဲက ၈ ယောက်က လွဲပြီး ကျန် လူတွေ အားလုံးကို မည်သူ မည်ဝါတွေ ဖြစ်ကြောင်း ဖော်ထုတ် နိုင်ပြီလို့ ပြောပါတယ်။

ဒီကနေ့မှာတော့ ထောင်နဲ့ ချီတဲ့ လူတွေဟာ ဗုံးပေါက်ကွဲ ခဲ့ရာ နေရာမှာ စုဝေး ရောက်ရှိ နေကြပြီး သေဆုံး သူတွေ အတွက် ဆုတောင်းပွဲ ပြုလုပ်နေကြပါတယ်။

အဲဒီ နေရာကို ရောက်နေတဲ့ သတင်းထောက် တွေက လူစု လူဝေးကြီးဟာ ဝမ်းနည်း ကြေကွဲလျက် ရှိပြီး စိတ်ဆိုး ဒေါသ ထွက်နေကြတယ်လို့ ပြောပါတယ်။

လူအစုအဝေးကြီးဟာ အစိုးရ ဆန့်ကျင်ရေး နဲ့ လုံခြုံရေး ညံ့ဖျင်းမှု အတွက် ရှုံ့ချတဲ့ ကြွေးကြော်သံ တွေကို သံပြိုင် ကြွေးကြော် နေကြပါတယ်။

တူရကီ အစိုးရ က ကဒ် လူမျိုးစု အရေးလိုလားတဲ့ HDP ပါတီ က စွပ်စွဲ သလို ဗုံးဖောက်ခွဲမှုကို ဖန်တီးခဲ့တယ် ဆိုတဲ့ အချက်ကိုတော့ ငြင်းပယ်လိုက်ပါတယ်။