အန်ကာရာ ဗုံးခွဲမှု၊ IS လက်ချက်လို့ တူရကီပြော

  • 12 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption တိုက်ခိုက်မှုကို မတားဆီး နိုင်ခဲ့တဲ့ အတွက် အစိုးရ အပေါ် မကျေနပ်မှုတွေ ပေါ်ပေါက်နေ။

တူရကီ နိုင်ငံ၊ အန်ကာရာ မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က လူ ၁၀၀ နီးပါး သေဆုံး ခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုဟာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ အဓိက သံသယရှိကြောင်း တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။

ငြိမ်းချမ်းရေး အတွက် ဆန္ဒပြခဲ့ကြတဲ့ လူအုပ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဖြစ်တယ်လို့ မပြောကြပေမယ့် တိုက်ခိုက်မှုကို အသေခံ ဗုံးခွဲသူ ၂ ဦးက ပြုလုပ် ခဲ့တာလို့ တူရကီ အစိုးရက ဆိုပါတယ်။

ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၉၇ ယောက် သေဆုံးတယ်လို့ တရားဝင် ထုတ်ပြန်ချက်က ဆိုပေမယ့် အဲဒီ ဆန္ဒပြမှုမှာ အဓိက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ခုကတော့ သေဆုံးသူ အရေအတွက်က ၁၂၈ ယောက် ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသုဘ အခမ်းအနားတွေကို ဒီကနေ့ တနင်္လာနေ့မှာ ဆက်လက် ပြုလုပ် နေခဲ့ကြပါတယ်။

တူရကီ အစိုးရနဲ့ ကာဒစ်ရှ် ပီကေကေ စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့အတွက် မြို့တော် အန်ကာရာမှာ စနေနေ့က တောင်းဆို ဆန္ဒပြကြစဉ် ဆန္ဒပြသူတွေကို အသေခံ ဗုံးခွဲမှု ၂ ခုနဲ့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တာပါ။

အခုလို ကြီးမားတဲ့ တိုက်ခိုက်မှုကို အချိန်မီ မတားဆီး နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး တူရကီ အာဏာပိုင်တွေကို အများက စိတ်ဆိုး ဒေါသထွက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ