MH17 ပျက်ကျမှု၊ ဒုံးကျည်ကြောင့်ဟု အတည်ပြု

  • 13 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဒုံးကျည် ပေါက်ကွဲတဲ့အရှိန်ကို လေယာဉ် ဦးပိုင်းက အဓိက ခံခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြ။

MH17 မလေးရှား ခရီးသည်တင် လေယာဉ် ဟာ ရုရှားလုပ် ဘုခ် ဒုံးကျည်ကြောင့် ပျက်ကျ ခဲ့တာ ဖြစ်တယ်လို့ ဒတ်ချ် လုံခြုံရေး အဖွဲ့က ပြောပါတယ်။

ဘုခ် ဒုံးကျည်ဟာ လေယာဉ်ဦးပိုင်း ဘယ်ဘက် အခြမ်း အနီးမှာ ပေါက်ကွဲခဲ့တာလို့ ဒတ်ချ် လုံခြုံရေး အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အနောက်နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရ တို့ကတော့ အဲဒီ ဘိုရင်း ၇၇၇ လေယာဉ်ကို ရုရှားတွေ ထောက်ပံ့ထားတဲ့ သူပုန်တွေက ပစ်ချ ခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် ရုရှားကတော့ အဲဒီ ဒုံးကျည်ဟာ ယူကရိန်း ထိန်းချုပ်ထားတဲ့ နယ်မြေကနေ ပစ်လွှတ် ခဲ့တာလို့ ပြောပါတယ်။

ဒီအစီရင်ခံစာမှာတော့ ဘယ်သူ့ လက်ချက် ဖြစ်တယ်လို့ ဖော်ပြခြင်း မရှိပေမယ့် အဲဒီ အချိန်က လေကြောင်း သွားလာမှုတွေကို ပိတ်ထား ခဲ့သင့်တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားတဲ့ လူ ၂၉၈ ယောက်စလုံးဟာ စက္ကန့်ပိုင်း အတွင်း အသိစိတ် ကင်းလွတ် သွားခဲ့ကြနိုင်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

လေယာဉ်ပေါ် ပါသွားသူတွေ အနက် ၁၉၆ ယောက်က ဒတ်ချ် နိုင်ငံသားတွေ ဖြစ်ပြီး ဗြိတိန် နိုင်ငံသား ၁၀ ယောက် ပါဝင်ပါတယ်။

အဲဒီ MH17 လေယာဉ်ဟာ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေနဲ့ အစိုးရတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်းနေချိန် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က အမ်စတာဒမ် မြို့ကနေ ကွာလာလမ်ပူ မြို့ကို ပျံသန်းစဉ် ပစ်ချ ခံခဲ့ရတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ