ကာဗွန်ထုတ်လွှတ်မှု အဆုံးသတ်ဖို့ တိုယိုတာ ရည်မှန်း

  • 14 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption တိုယိုတာက ၂၀၂၀ မှာ ဟိုက်ဘရစ်ကား စင်းရေ ၁ သန်းခွဲ ရောင်းချဖို့ ရည်မှန်းထား။

ဂျပန် ကားကုမ္ပဏီကြီး တိုယိုတာက လာမယ့် ၂၀၅၀ ခုနှစ် နောက်ဆုံးထားပြီး သူ့ရဲ့ ကားထုတ်လုပ်တဲ့ စက်ရုံတွေကနေ ကာဗွန် ထုတ်လွှတ်မှု လုံးဝ မရှိအောင် ဆောင်ရွက် သွားမယ်လို့ ကြေညာ လိုက်ပါတယ်။

တိုယိုတာ စက်ရုံ အားလုံးမှာ ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ ဟိုက်ဒရိုဂျင် စွမ်းအင် အသုံးပြုမှုတွေကို ကားထုတ်လုပ်မှု အားလုံးအတွက် တိုးမြှင့် အသုံးပြု သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တွင်းထွက် လောင်စာနဲ့ လျှပ်စစ် စွမ်းအင် နှစ်မျိုးသုံး ဟိုက်ဘရစ် ကားတွေကို လာမယ့် ၂၀၂၀ မှာ စင်းရေ ၁ သန်းခွဲ အထိ ရောင်းချ သွားဖို့ ရည်မှန်း ထားတယ် လို့လည်း ဆိုပါတယ်။

၂၀၂၀ ခုနှစ် ဝန်းကျင်မှာ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်နဲ့ မောင်းနှင်တဲ့ ကားတွေကိုလည်း စင်းရေ ၃ သောင်းကျော် ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကားတွေရဲ့ အိတ်ဇောငွေ့ ထုတ်လွှတ်မှု နှုန်းကိုလည်း လာမယ့် ၂၀၅၀ ခုနှစ်မှာ ၂၀၁၀ ခုနှစ်က နှုန်းထက် ၉၀ ရာနှုန်းအထိ လျှော့ချ သွားဖို့ စီစဉ်ထားတယ်လို့ တိုယိုတာက ပြောပါတယ်။

ဒါပေမယ့် လျှပ်စစ်စွမ်းအင် သီးသန့်သုံးတဲ့ ကားတွေကို ထုတ်လုပ်မှုနဲ့ ပတ်သက်လို့တော့ သီးခြား ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက အိတ်ဇောငွေ့ အရှုပ်တော်ပုံကြောင့် ၂၀၁၉ ကနေ စပြီး တစ်နှစ်ကို ယူရိုငွေ ၁ ဘီလျံ အသုံးစရိတ် လျှော့ချဖို့နဲ့ လျှပ်စစ်ကားတွေ တိုးမြှင့် ထုတ်လုပ်သွားဖို့ ကြေညာခဲ့ပြီး မကြာမီမှာပဲ တိုယိုတာက သူ့ရဲ့ အစီအစဉ်တွေကို ခုလို ထုတ်ပြန် ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ