ခ​ရို​အေ​ရှား​နဲ့ နယ်စပ်​ကို ဟန်​ဂေ​ရီ ပိတ်

  • 16 အောက်တိုဘာ 2015
hungary_border
Image caption ရွှေ့ပြောင်း ဝင်ရောက် သူတွေ ဟာ ခရိုအေးရှား နယ်စပ် ကနေ တဆင့် ဟန်ဂေရီ ထဲ ကို အဆက် မပြတ် ဝင်ရောက် နေ။

ခရိုအေရှား နဲ့ ထိစပ်နေတဲ့ ဟန်ဂေရီ ရဲ့ နယ်ခြား ဒေသ ကို အောက်တိုဘာ ၁၆ ရက် သောကြာ ည သန်းခေါင်ယံ အချိန် မှာ ဟန်ဂေရီ ဘက်က လုံးဝ ပိတ် ချ လိုက် ပါတယ်။

အနောက် ဥရောပ နိုင်ငံတွေ ဆီ ဦးတည် သွား နေကြတဲ့ ရွှေ့ပြောင်း ဝင်ရောက် သူတွေ ဟာ ခရိုအေးရှား နယ်စပ် ကနေ တဆင့် ဟန်ဂေရီ ထဲ ကို အဆက် မပြတ် ဝင်ရောက် နေတာ ကို တားဆီး နိုင်ဖို့ အခုလို ဆုံးဖြတ်ရတာ ဖြစ်တယ် လို့ ဟန်ဂေရီ က ဆိုပါတယ်။

ဂရိ နိုင်ငံ ကမ်းခြေ တွေ ဆီကို ဆိုက်ရောက် လာနေကြတဲ့ ရွှေ့ပြောင်းသူ တွေ ကို တားဆီး နိုင်ဖို့ တပ်ဖွဲ့ အင်အားတွေ ချထား ဖို့ရာ ဥရောပ သမဂ္ဂ EU အဖွဲ့ ရဲ့ ခေါင်းဆောင် တွေ ပျက်ကွက် ခဲ့တဲ့ အတွက် ဟန်ဂေရီ အနေနဲ့ အခုလို ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကိုင်တွယ် ဆောင်ရွက် လာရတာ ဖြစ်တယ်လို့ ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ပေတာ ဆီယားတိုး က ပြောပါတယ်။

ခရိုအေရှား ကလည်း ဟန်ဂေရီ ဘက်က နယ်စပ် ကို ပိတ်လိုက် တာနဲ့ တပြိုင်နက် ရွှေ့ပြောင်းသူတွေ ကို ဆလိုဗေးနီးယား နိုင်ငံဘက်ဆီကို လမ်းလွှဲ ပေးရလိမ့်မယ် လို့ ဆိုထား ပါတယ်။

တခါ၊ တူရကီ နိုင်ငံ ကြုံတွေ့ နေရတဲ့ ရွှေ့ပြောင်းသူ တွေ အရေး ကို ကူညီ ဖြေရှင်း ဖို့ရာ EU အဖွဲ့ က ကမ်းလှမ်း လာတဲ့ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီ ဟာ လက်သင့်ခံ လောက်ဖွယ်ရာ ပမာဏာ မဟုတ်ဘူးလို့ တူရကီ က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး နေ့ က EU ခေါင်းဆောင်တွေ သဘောတူ ဆုံးဖြတ် ခဲ့ကြတဲ့ တူရကီ ကို အကူအညီ ပေးမယ့် အစီအစဉ် တွေ ထဲမှာ တူရကီ ကို EU အဖွဲ့ဝင် ဖြစ်လာဖို့ နဲ့ EU နိုင်ငံတွေ ဆီ တူရကီ နိုင်ငံသားတွေ ဗီဇာ လျှောက်ထား စရာ မလိုပဲ ဝင်ရောက်ခွင့် လို ကိစ္စတွေ ကို အမြန် ဆုံး ဆွေးနွေး ပေးမယ် ဆိုတဲ့ အချက် တွေ လည်း ပါဝင် ပါတယ်။

ဒီ အစီအစဉ် တစ်ခုလုံးဟာ မူကြမ်း အဆင့်မှာ သာ ရှိနေပြီး အပြီးသတ် သဘောတူ ထားတာ မဟုတ်ဘူး လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ