ဂျူး အထွတ်အမြတ် နေရာကို ပါလက်စတိုင်းတွေ မီးရှို့

  • 16 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Israeli Defence Forces
Image caption မီးရှို့ခံရလို့ ဂျိုးဇက်ရဲ့ ဂူသင်္ချိုင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ဟု ဆို။

အစ္စရေးနဲ့ ပါလက်စတိုင်းတွေ အကြား တင်းမာမှုတွေ တိုးမြှင့် နေချိန်မှာပဲ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း နာဘလုစ် မြို့က ဂျူးတွေ အလေးအမြတ် ထားရာ နေရာတစ်ခုကို ပါလက်စတိုင်းတွေက မီးရှို့ ခဲ့ကြပါတယ်။

ဂျူးတွေရဲ့ ကျမ်းစာလာ သူတော်စင် ဂျိုးဇက်ရဲ့ ဂူသင်္ချိုင်း နေရာကို ပါလက်စတိုင်းတွေက မီးရှို့ ခဲ့တာ ဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ ပါလက်စတိုင်း ခေါင်းဆောင်တွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တောင်းဆို ခဲ့အပြီး နာရီပိုင်း အကြာမှာ ဒီမီးရှို့မှု ဖြစ်ပွား ခဲ့တာပါ။

ပါလက်စတိုင်း ခေါင်းဆောင် မာမွတ် အက်ဘက်စ် ကတော့ မီးရှို့ ခံရတဲ့ နေရာကို ပြန်လည် ပြုပြင် ပေးသွားမယ်လို့ ပြောပါတယ်။

အနောက်ဘက်ကမ်းက ဂျူး အခြေချ ဒေသ တစ်ခုမှာလည်း သတင်းထောက်ယောင် ဆောင်ထားတဲ့ ပါလက်စတိုင်း တစ်ယောက်က အစ္စရေး စစ်သား တစ်ယောက်ကို ဓားနဲ့ ထိုးခဲ့မှု ဖြစ်ခဲ့ ပါသေးတယ်။ အဲဒီ ပါလက်စတိုင်းကို အသေ ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလ အတွင်း ပါလက်စတိုင်းတွေက အစ္စရေးတွေကို လမ်းပေါ် တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွားခဲ့ရာမှာ အစ္စရေး ၇ ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရကာ၊ ပါလက်စတိုင်းတွေ ဘက်ကတော့ တိုက်ခိုက်သူတွေ အပါအဝင် အနည်းဆုံး အယောက် ၃၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ