တရုတ်သမ္မတ ဗြိတိန်ခရီးစဉ် စတင်မယ်

  • 19 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ၁၀ နှစ်အတွင်း တရုတ် သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ဗြိတိန် ခရီးစဉ် ဖြစ်။

တရုတ် သမ္မတ ရှီကျင်းပင်ဟာ သူ့ရဲ့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဗြိတိန်နိုင်ငံကို ဒီကနေ့ တနင်္လာနေ့ ဗြိတိသျှ စံတော်ချိန် ညနေ ၆ နာရီမှာ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဗြိတိန် နှစ်နိုင်ငံ အကြား ရွှေခေတ်လို့ တင်စား ခေါ်ဝေါ်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို အခိုင်အမာ ထူထောင် နိုင်ဖို့ နှစ်ဖက် အစိုးရ တွေက မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ရှီကျင်းပင် ရဲ့ ၄ ရက်ကြာ ခရီးစဉ်ဟာ ၁၀ နှစ် အတွင်းမှာ တရုတ် သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ဗြိတိန် နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ သမ္မတ ရှီကျင်းပင်က တရုတ်နိုင်ငံရဲ့ အကောင်းဆုံး မဟာမိတ် ဖြစ်ဖို့ ဗြိတိန် နိုင်ငံရဲ့ အမြော်အမြင် ရှိမှုနဲ့ မဟာ ဗျူဟာမြောက် ရွေးချယ်နိုင်မှုတွေ ကို ချီးကျူး ပြောဆို ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့ အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြောဆို ဝေဖန်မှုတွေ ရှိနေချိန်မှာ ဗြိတိန်က တရုတ် အပေါ် အရင်ကထက် တိုးမြှင့် ဆက်ဆံ လာမှုဟာ သိသာ ထင်ရှားတဲ့ မူဝါဒပိုင်း ပြောင်းလဲမှု ဖြစ်ပါတယ်။

သမ္မတ ရှီကျင်းပင်နဲ့ သူ့ ကတော်တို့ ဗြိတိန်နိုင်ငံမှာ ရှိစဉ်အတွင်း ဘုရင်မကြီး အဲလိဇဘက်ရဲ့ အထူး ဧည့်သည်တော်တွေ အဖြစ် ဘက်ကင်ဟန် နန်းတော်မှာ တည်းခို နေထိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ