တိုင်ဖွန်း ကော့ပူးကြောင့် ဖိလစ်ပိုင် ရေကြီး

  • 19 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption မိုးရေချိန် ဆက်လက် မြင့်မားနေလို့ ရေကြီး ရေလျှံမှုတွေ ထပ်ဖြစ်ဖို့ ရှိနေ။

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းမှာ အင်အားပြင်းတဲ့ ကော့ပူး တိုင်ဖွန်း မုန်တိုင်းဟာ နှေးကွေးတဲ့ အရှိန်နဲ့ ဖြတ်သန်း တိုက်ခတ် နေတဲ့အတွက် ဒေသ အတော်များများမှာ မိုးများပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ် နေပါတယ်။

လူအတော်များများဟာ နေအိမ် ခေါင်မိုးတွေပေါ်ကနေ ကယ်ဆယ်ရေးတွေကို စောင့်မျှော် နေကြပြီး သောင်းနဲ့ ချီတဲ့ လူတွေဟာလည်း နေရပ် စွန့်ခွာ ခဲ့ကြရပါတယ်။

ကယ်ဆယ်ရေး လှေတွေကိုလည်း စေလွှတ်ထားတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီ အဖွဲ့ ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။

မိုးများလွန်းတဲ့ အတွက် တချို့ နေရာတွေမှာ ရေအနက် ၁၅ ပေ လောက် ရှိတဲ့အထိ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

အခုချိန်အထိ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး အချို့ ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။

တိုင်ဖွန်း ကော့ပူးဟာ အခုတော့ အနည်းငယ် အားပျော့သွားပြီလို့ ဆိုပေမယ့် နောက်ထပ် အနည်းဆုံး ၂ ရက်လောက် ထပ်ရှိ နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ