ကျမရဲ့သမီးငယ် နဲ့ လူမှောင်ခို

  • 19 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption ဇီဇစ်က ဆီးရီးယားက ထွက်ခွာရတော့မယ်ဆိုတာကို သိခဲ့ပါတယ်။

ဘေးကင်းလုံခြုံမှုရရှိရေးအတွက် နေရပ်မှာ အိုးအိမ်တွေကို စွန့်ခွာပြီး ဥရောပဘက်ကို ထွက်ခွာနေကြတဲ့ ဆီးရီးယားနိုင်ငံသားတွေဟာ အများအားဖြင့် သူတို့သွားလိုရာ ကူညီပို့ဆောင်ပေးမယ့် လူမှောင်ခိုတွေအပေါ် မီခိုအားထားကြရပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုယုံလို့ ဘာတွေဖြစ်မယ်ဆိုတာကိုတော့ မသိနိုင်ကြပါဘူး။ အမျိုးသမီးတစ်ဦးကတော့ နာမည်အမှန်ကိုတောင် မသိလိုက်ရတဲ့ လူတစ်ဦးနဲ့ တွေ့ခဲ့ပြီးနောက် သူမရဲ့ တစ်နှစ်အရွယ် သမီးငယ်လေးကို အဲဒီလူက ခေါ်ဆောင်သွားတာ ခံလိုက်ရတဲ့အကြောင်း ဘီဘီစီ Arabic သတင်းထောက် Eloise Dicker က အခုလို ရေးသားထားပါတယ်။

ဇီဇစ်က သူမဟာ သေနတ်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာပြီး သူ့ကားကို အပစ်ခံရကတည်းက ဆီးရီးယားက သူထွက်ခွာရတော့မယ်ဆိုတာ သိရှိခဲ့ပါတယ်။

သူမဟာ ဒါးမားစကတ်စ်မြို့ဆေးရုံက ဆရာဝန်တဦးဖြစ်ပါတယ်။ ဆေးရုံမှာ အလုပ်လုပ်နေတုန်း အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့အတွက် ဆရာဝန်အလုပ်လုပ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူမက မလုပ်နိုင်ဘူးလို့ ငြင်းပယ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ စတင်ခဲ့ပါတော့တယ်။

ကျမကို သတ်ဖို့ သူတို့ နှစ်ကြိမ်လုပ်ခဲ့တယ် လို့ မစ္စ ဇီဇစ်က ပြောပါတယ်။ သူမရဲ့ တစ်နှစ် အရွယ်သမီးလေး မာယာအတွက် စိုးရိမ်ပြီး ဆီးရီးယားက ထွက်ခွာဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဆီးရီးယားက ထွက်သွားရတာ ကျမ စိတ်မကောင်းပါဘူး။ ကျမ ကလေးအတွက် သွားရတာပါ။ ကျမအတွက် မဟုတ်ပါဘူးလို့ ဆိုပါတယ်။

တူရကီကလူပွဲစား

ဇီဇစ်နဲ့ သူ့အကို ဂါဆန်က မာယာကို တူရကီကို ခေါ်သွားကြပါတယ်။ သူတို့ ပထမဆုံးတွေ့တဲ့ လူမှောင်ခိုပို့ပေးသူက ဒေါ်လာ ၁၃ ၅၀၀ နဲ့ ဂရိနိုင်ငံကို ပို့ပေးမယ်ဆိုလို့ ငွေပေးပြီး ဟိုတယ်မှာ လာခေါ်တာကို စောင့်ခဲ့ကြပါတယ်။ ရက်အနည်းငယ်ကြာတော့မှာ အဲဒီလူ မလာတော့ဘူးဆိုတာ သူတို့သိလိုက်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Image copyrightZizit Abdel Algabbar
Image caption လူနာတွေ ခွဲစိတ်ကုသခဲ့တဲ့ နေရာဟာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရ။

ဒီနောက်မှာတော့ ရာဘာလှေအသေးစားမှာ နေရာရောင်းတဲ့ လူမှောင်ခို နောက်တဦးထံ သူတို့သွားခဲ့ကြပါတယ်။ မုန်တိုင်းကြားက ကြောက်စရာကောင်းတဲ့ ခရီးအပြီးမှာတော့ သူတို့ ဂရိနိုင်ငံကို ရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့လှေကတော့ ကမ်းစပ်ရောက်တဲ့အခါ ကျောက်ဆောင်တွေကို အရှိန်နဲ့ဆောင့်မိပြီး ပေါက်ထွက်သွားခဲ့ပါတယ်။

ဂရိနိုင်ငံရဲ့ မြို့တော် အေသင်မှာ လူမှောင်ခိုတွေ လာရောက်လေ့ရှိတဲ့ ကော်ဖီဆိုင်တွေကို လူတိုင်းသိကြတဲ့အတွက် ဂါဆန်က သူတို့ကို သွားတွေ့ခဲ့ပြီးနောက် သူ့ကိုယ်သူ အဘူ ရှာဟတ် လို့ ဆိုသူတစ်ဦးကို ဇီဇစ်တို့ နဲ့တွေ့ဖို့ ခေါ်လာခဲ့ပါတယ်။

လူမှောင်ခို ပို့ပေးနေတဲ့ အဲဒီလူက ဇီဇစ်ကို ဘရာဇီး ပတ်စပို့အတုနဲ့ လေယာဉ်လက်မှတ်အတွက် ယူရိုငွေ ၄ ထောင် တောင်းပြီး နောက်ထပ် ယူရို ၄ ထောင်ကို ကလေးငယ် မာယာအတွက် ပေးရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြှပ်ကွက်တစ်ခုကတော့ အမေနဲ့သမီး အတူသွားလို့ မရတာ ဖြစ်ပါတယ်။

အဲဒီလူရဲ့အပြောအရ ကလေးငယ်တွေဟာ လုံခြုံရေးအရာရှိတွေနဲ့ စကားပြောဆိုနိုင်တဲ့ အီးယူ နိုင်ငံသား တဦးဦးနဲ့ အတူသွားရတယ်၊ သူက ဆီးရီးယားနိုင်ငံသားဖြစ်ပေမယ့် အခု ဆွီဒင်နိုင်ငံသားဖြစ်နေလို့ သူက မာယာရဲ့အဖေ အယောင်ဆောင်ပြီး သူ့သမီးရဲ့ ဆွီဒင်ပတ်စပို့နဲ့ ခေါ်သွားမယ်လို့ ဆိုပါတယ်။

သူပြောပြတဲ့ အစီအစဉ်က၊ သူနဲ့ မာယာက လေဆိပ်လုံခြုံရေးကောင်တာကိုအရင် ဖြတ်မယ်၊ ပြီးရင် ဇီဇစ်က နောက်က သီးခြားလိုက်လာရမယ်။ သူတို့အားလုံး လေယာဉ် တစ်စီးတည်းမှာ လိုက်ပါကြရမှာ ဖြစ်ပေမယ့် မာယာလေး တည်တည်ငြိမ်ငြိမ် ဖြစ်နေအောင်လို့ အမေက ကလေးနဲ့ ခပ်ဝေးဝေးမှာ ရှောင်နေရမယ်လို့လည်း ဆိုပါတယ်။

ဇီဇစ်က အခုလိုစီစဉ်တာ မကြိုက်ပေမယ့် သူ့မှာ တခြားရွေးစရာလမ်း မရှိတော့တဲ့အပြင် လက်ထဲမှာလည်း ပိုက်ဆံပြတ်ကာနီး ဖြစ်နေတော့ ဒီကနေ အမြန်ဆုံး ထွက်ရမယ်ဆိုတာ သူသိပါတယ်။ အခုလည်း ဆွီဒင်ကို တိုက်ရိုက်သွားရမှာ မဟုတ်ပါဘူး။ လူသယ်ပို့သူတွေက ခရီးရှည်ကို အဆင့်ဆင့်ခွဲပြီး သွားကြပါတယ်။ ဒါကြောင့် ပထမဆုံး အီတလီကို အရင်သွား၊ အဲဒီကတဆင့် ဘယ်ဆိုတာ မသိရသေးတဲ့ နိုင်ငံတစ်ခု၊ နောက်ဆုံးမှ ဆွီဒင်နိုင်ငံကို ရောက်မှာဖြစ်ပါတယ်။

Image caption အခုလိုစီစဉ်တာကို မကြိုက်ပေမယ့် တခြားရွေးစရာ မရှိပါဘူး။

နောက် ၅ ရက်အကြာမှာတော့ ဇီဇစ်က အဘူ ရှာဟတ်နဲ့တွေ့ပြီး ပထမဆုံး ခရီးအတွက် ပြင်ဆင်ပါတယ်။

မြောက်ဥရောပ ခရီးအစ

စိတ်လေးလေးနဲ့ပဲ မာယာအတွက် အိတ်ကိုပြင်ဆင်ပါတယ်။ ရာသီဥတုက ဆောင်းရာသီ ရောက်ခါနီး အေးလာပြီဖြစ်လို့ အနွေးထည်၊ ကုတ်အင်္ကျီနဲ့ သောက်စရာနို့ဗူးတွေအပြင် နို့ချိုလိမ် တစ်ခုပါ ထည့်ပေးလိုက်ပါတယ်။

ကလေးကိုလာခေါ်တဲ့ အဘူ ရှာဟတ် ရောက်လာပြီး မာယာလေးကို ချော့ကလက်ပေးပါတယ်။ ဇီဇစ်ကိုလည်း မကြောက်ပါနဲ့ ဒို့ လေယာဉ်တစ်စီးတည်း စီးရမှာပါလို့ ပြောဆိုခဲ့ပါတယ်။

အဘူ ရှာဟတ်က မာယာလေးကို ချီပွေ့လိုက်တော့ ကလေးက သူစိမ်းကိုကြောက်ပြီး အရမ်းငိုပါတယ်။ သူ့ကိုမကြိုက်ပါဘူး။ သူက ကလေးကို မုန့်ပေးချော့ပေမယ့် ကလေးက ဘာမှပေးလို့ မရဘဲ အမေ မပါလို့ အော်ဟစ်ငိုယိုပြီး သူစိမ်းနောက် ပါသွားပါတယ်။

သိရုံသာသိတဲ့ လူစိမ်းတစ်ယောက်လက်ပေါ်မှာ ငိုနေတဲ့ သမီးငယ်ပါသွားတဲ့ မြင်ကွင်းက အဲဒီအချိန်ကစပြီး ဇီဇစ်ကို ခြောက်လန့်ခဲ့ပါတယ်။

ဒိအရင် လူမှောင်ခိုတွေနဲ့ တွေ့ကြုံခဲ့ရတဲ့ ဇီဇစ်ဟာ အခုလည်း အဘူ ရှာဟတ်ဆိုသူရဲ့ နာမည်အမှန်ကိုတောင် မသိခဲ့ပါဘူး။ လူမှောင်ခိုလုပ်သူတွေ အားလုံးက သူတို့ နာမည်ကို အမည်လွှဲနဲ့ သုံးကြတာ ဖြစ်ပါတယ်။

လေယဉ်ကွင်းရောက်ပြီ

လေယာဉ်ကွင်းမှာ အာဘူ ရှာဟတ်နဲ့ မာယာတို့က ဘာပြသနာမှမရှိဘဲ ပတ်စပို့စစ်ဆေးရေး ကောင်တာကို ဖြတ်သွားကြပြီး ဇီဇစ်ကို နောက်ကလိုက်လာဖို့ ရှာဟတ်က ခေါ်ပါတယ်။

ဇီဇစ်ဟာ ကြောက်လန့်နေသလို စိတ်မကောင်းဖြစ်နေပြီး အမေမပါတဲ့ သမီးငယ်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခြေအနေတွေက ပိုဆိုးဖို့ဖြစ်လာခဲ့ပါတယ်။ ပတ်စပို့စစ်တဲ့ အရာရှိက ဇီဇစ်ရဲ့ ဘရာဇီးပတ်စပို့က အတုဆိုတာ သိသွားပြီး ဆက်မသွားခိုင်းတော့ပါဘူး။ နောက်တော့ သူ့ကို လေဆိပ်အဆောက်အဦးထဲကနေ အပြင်ကို ခေါ်ထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မာယာကတော့ စစ်ဆေးရေးကောင်တာရဲ့တခြားတဘက်ရှိ လူမှောင်ခိုတစ်ယောက်ရဲ့ လက်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ကျမ စိတ်တွေ ကယောင်ချောက်ချားဖြစ်ပြီး ရူးမတတ် ဖြစ်သွားတယ် လို့ ဇီဇစ်က ပြောပါတယ်။ ကျမသမီးကို ဆီးရီးယားက ခေါ်လာခဲ့ပြီး ပင်လယ်ထဲမှာ အသက်စွန့်ဖြတ်သန်းလာခဲ့ရတယ်၊ အခုတော့ သမီး မရှိတော့ဘူး၊ ကျမ သမီးလေး မရှိတော့ဘူး၊ မာယာ မရှိတော့ဘူး။ ဒီလူရဲ့ နာမည်နဲ့ ဘယ်မှာနေတယ် ဆိုတာတောင် ကျမ မသိဘူး ဆိုပြီး ဇီဇစ်ဟာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပါတယ်။

ကျမ လမ်းပေါ်မှာလျှောက်နေရင်း စိတ်တွေ ချောက်ချားပြီး ဘာမှ စဉ်းစားလို့ မရတော့ဘူး၊ ကျမသမီးလေးနဲ့ မတွေ့ရတော့ဘူးဆိုပြီး စိတ်ပူနေမိတယ်။

ဇီဇစ်က သမီးဖြစ်သူ စစ်ဆေးရေးကို ကျော်ဖြတ်ပြီး အဘူ ရှာဟတ်နဲ့ ပါသွားတာ အရာရှိကို အသိမပေးခဲ့ပါဘူး။ တကယ်လို့ သူဖော်ထုတ်လိုက်ရင် မာယာအတွက် ပိုပြီး အန္တရာယ်ရှိမှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။

လေဆိပ်အပြင်မှာ စောင့်နေတဲ့ ဇီဇစ်ရဲ့အကို ကတော့ စိတ်အေးအေးထားဖို့ ပြောခဲ့ပြီး သူတို့ဆွီဒင်ရောက်မှ အဘူ ရှာဟတ်ကို ငွေပေးဖို့ စီစဉ်ထားတဲ့အတိုင်း အဘူရှာဟတ်က ငွေရဖို့ သူတို့ကို ဆက်သွယ်လာမှာပါလို့လည်း ဖြောင်းဖျခဲ့ပါတယ်။

သမီးမာယာ

ခြောက်နာရီ အကြာမှာတော့ ဇီဇစ်ထံကို အီတလီရှိ ဟော်တယ်တခုကနေ အဘူရှာဟတ်က ဖုန်းဆက်လာပါတယ်။

ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption မာယာအိပ်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံကို ပို့ပေးခဲ့ပါတယ်။

ဇီဇစ်က အော်ဟစ် ငိုယိုပြောဆိုတဲ့အခါ သူက စိတ်အေးအေးထားပါ။ ကျနော်လည်း လူသား တစ်ဦးပါ။ ကလေးတွေကို ချစ်တတ်ပါတယ်။ စိတ်မပူပါနဲ့လို့ ဆိုပြီး မာယာကို သူကြည့်ရှု စောင့်ရှောက်ထားကြောင်း ပြောပါတယ်။ ဒါပေမယ့် သူတို့ ဘယ်မြို့မှာ ရောက်နေတယ်ဆိုတာကို မပြောပါဘူး။ မာယာ ဘေးအန္တရယ်ကင်းရှင်းစွာ ရှိနေကြောင်းသာ သူက ထပ်မံပြောဆိုခဲ့တဲ့အပြင် မာယာအိပ်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ပို့ပေးခဲ့ပါတယ်။ ကျနော့်မှာလည်း သားသမီးတွေ ရှိပြီး ဒီကလေးမလေးကို ကိုယ့်သမီးတစ်ယောက်လိုပဲ စောင့်ရှောက် ထားပါတယ်လို့ အဘူရှာဟတ်က ပြောပါတယ်။

သူ့အပြောကြောင့် ဇီဇစ် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

ဇီဇစ်က သူ့အခြေအနေကို ပြောပြတဲ့အခါမှာ သူက သမီးကို ရဲနဲ့ ဒုက္ခသည်စခန်းမဟုတ်ဘဲ ကျမအသိထဲက ဘယ်သူ့ထံ အပ်ထားလို့ရမလဲလို့ မေးပါတယ်။ သူ့အနေနဲ့ မာယာကို ရေရှည်မကြည့်ရှုနိုင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

ဇီဇစ် စဉ်းစားလို့ရတဲ့ သူကတော့ အခုဂျာမဏီမှာ ဒုက္ခသည်အဖြစ် နေနေတဲ့ ဆီးရီးယားက သူ့ရဲ့ လူနာတစ်ဦးဖြစ်ခဲ့ဖူးသူ ဟက်စ်နာဆိုသူ အမျိုးသမီးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဖေ့စ်ဘွတ်ခ် ကတဆင့် ဆက်သွယ်ခဲ့ပါတယ်။

သူဂျာမဏီရောက်တဲ့အထိ သူ့သမီးငယ်ကို ကြည့်ရှုပေးဖို့ ဇီဇစ်က အဲဒီအမျိုးသမီးကို တောင်းပန်ပြောဆိုခဲ့ပါတယ်။ ဟက်စ်နာကလည်း လူမှောင်ခိုသမားက ကလေးကို ဂျာမဏီနိုင်ငံ Dortmund မြို့ကို လာပို့ပေးမယ်ဆိုရင် မာယာကို သူကြည့်ရှုပေးပါမယ်လို့ ကတိပေးကြောင်း အကြောင်းပြန်လာပါတယ်။

ဒိနောက်မှာတော့ အဘူရှာဟတ်က အဲဒီနေရာကို အရောက်သွားခဲ့ပြီး အိမ်ထဲမဝင်ဘဲ အိမ်ပြင်မှာ ကလေးကို ထားခဲ့ကြောင်း ဖုန်းဆက် ပြောဆိုခဲ့ပါတယ်။

ဟက်စ်နာကလည်း သားဖြစ်သူ သွားရောက်ပွေ့ချီလာတဲ့ ကလေးငယ်ကို မြင်မြင်ချင်း ကိုယ့်သမီးလေးလို ချစ်မိပါတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption ကိုယ့်ကလေးတစ်ယောက်လို့ဘဲ စောင့်ရှောက်ပါတယ်လို့ အဘူရှာဟတ်က ပြော။

ရောက်စမှာ မာယာက ကြောက်နေပေမယ့် ရက်ကြာလာတော့ ကလေးက သူ့အနားကပ်လာပြီး သူသွားလေရာ တွယ်ဖက်လိုက်နေတယ်လို့ ဆိုကာ ဟက်စ်နာက မာယာရဲ့ ဓာတ်ပုံတွေကို နေ့တိုင်း ဇီဇစ်ထံ ပို့ပေးခဲ့ပါတယ်။

ဇီဇစ်ကတော့ မျှော်လင့်ချက် ကင်းမဲ့နေဆဲဖြစ်ပြီး သမီးစိတ်နဲ့ စိတ်ထောင်း ကိုယ်ကြေဖြစ်ခဲ့ရပါတယ်။ ကျမ ရင်ဘတ်ပေါ်ခေါင်းတင်ပြီး ကျမဘေးနားမှာ အိပ်လေ့ရှိတဲ့သမီးလေးကို ကျမအရမ်း သတိရနေမိတယ်။ ဒါပေမယ့် သူ ဘေးမသီ ရန်မခ ရှိနေတယ် ဆိုတာကို ကျမသိခဲ့ရပါတယ်လို့ ဇီဇစ်က ပြောပါတယ်။

ဂျာမဏီကို ဘယ်လိုသွားရမလဲဆိုတာ မသိပေမယ့် သွားဖို့ သူက စိတ်ပိုင်းဖြတ်ထားပါတယ်။ ရေကူးသွားလို့ ရရင်တောင် ကူးသွားပါတယ်လို့ ဇီဇစ်က ဆိုခဲ့ပါတယ်။

နောက်တစ်ပတ်အကြာမှာတော့ အဘူရှာဟတ်ရဲ့ အဆက်အသွယ်တွေက ဩစရီးယား လေယာဉ်လက်မှတ်နဲ့ နောက်ထပ် အီတလီ ပတ်စပို့အတု တစ်ခုပို့ပေးလာပါတယ်။

ကိုယ်က နိုင်ငံကူးလက်မှတ် အတုကို သုံးပြီး အမှားလုပ်တာဖြစ်ပေမယ့် ဒီတခါတော့ ယုံကြည်မှု ပိုရှိလာပြီး ဘာကိုမှ မကြောက်တော့ဘူးလို့ ဇီဇစ်က ပြောပါတယ်။

လမ်းခရီးမှာ ဘာအထစ်အငေါ့မှ မရှိဘဲ ဗီယာနာမှာ တက္ကစီသမားက ဘူတာရုံပို့ပေးပြီး Frankfurt သွားတဲ့ လက်မှတ်ဝယ်ဖို့ လိုက်ပြပေးခဲ့ပါတယ်။

ရထားပေါ်မှာ မောလွန်းလို့ အိပ်ပျော်သွားပြီး မာယာကို အိပ်မက်မက်နေတယ်လို့ ဇီဇစ်က ပြောပါတယ်။ ဒါပေမယ့် ပတ်စပို့ ပတ်စပို့လို့ တစုံတယောက်ရဲ့ ခေါ်သံကြောင့် သူနိုးသွားပါတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ သူ့အီတလီ ပတ်စပို့အတုကို အရာရှိထံ လှမ်းပေးလိုက်ပါတယ်။

အရာရှိက အီတလီစကားနဲ့ တခုခုပြောခိုင်းပါတယ်။ ဇီဇစ်က ဘာမှမတတ်တဲ့အတွက် အင်္ဂလိပ်လို ဘယ်ရောက်နေလဲလို့ ပြန်မေးလိုက်တော့ ဂျာမဏီကို ရောက်နေတယ်ဆိုတာ ကြားရပြီး မာယာနဲ့ တနိုင်ငံတည်းဆိုတဲ့ အသိစိတ်ကြောင့် စိတ်လွတ်သွားခဲ့ပါတယ်။ အရာရှိဖြစ်သူကို သူဟာ ဆီးရီးယားကပါ အီတလီနိုင်ငံသား မဟုတ်ပါဘူး။ သူ့ရဲ့ကလေးကို ရှာဖို့ ကူညီပါလို့ ပြောဆိုမိပါတယ်။

ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption ကျမကလေးကို ရှာဖို့ ကူညီပါလို့ ပြောဆို။

ရထားအရာရှိဖြစ်သူကလည်း ဇီဇစ်ဟာ လုံခြုံတဲ့နေရာမှာ ရောက်နေပြီး သူ့အနေနဲ့ ကူညီပေးမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျာမန်တွေက စိတ်ကောင်းရှိတဲ့လူတွေပဲ။ တကယ်တော့ ကျမဟာ ပြစ်မှုကျူးလွန်သူ တစ်ယောက်ဖြစ်ပေမယ့် စိတ်မပူဖို့ ကျမကို ပြောနေပါတယ် လို့ ဇီဇစ်က ဆိုပါတယ်။

ဒါပေမယ့် ဇီဇစ်ဟာ ပတ်စပို့ အတုလုပ်မှုနဲ့ ယူရို ၅၀၀ ဒဏ်တပ်ခံရပြီး လူမှောင်ခိုသမားနဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းခံရကာ သမီးဖြစ်သူနဲ့ မိုင် ၄၀၀ ဝေးတဲ့ မြူးနစ်မြို့ရှိ ဒုက္ခသည်စခန်းကို အပို့ခံလိုက်ရပါတယ်။

ဒီအတောအတွင်းမှာ ဇီဇစ်ထံကရတဲ့ အချက်အလက်တွေအရ ဂျာမန်ရဲတွေက လူမှောင်ခိုသမားနဲ့ ဟက်စ်နာတို့ကို စုံစမ်းခဲ့ကြပါတယ်။ ဇီဇစ်က ဂျာမန်စကားမတတ်သလို ရဲတွေက အာရပ် ဘာသာစကား မတတ်တာကြောင့် အင်္ဂလိပ်ဘာသာနဲ့ တင်ပြတဲ့အခါ တချို့အသေးစိတ်တွေကတော့ ဘာသာပြန်ရင်း ပျောက်ကုန်တာတွေလည်း ရှိပါတယ်။

အဲဒီနောက်မှာတော့ ဟက်စ်နာကို လူမှောင်ခိုဂိုဏ်းမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိပြီး သူရဲ့အိမ်ကို ညသန်းခေါင်မှာ ရဲတွေက ရုတ်တရက် ဝင်ရောက်ခဲ့ကြပါတယ်။

ဇီဇစ်ကိုလည်း ဟက်စ်နာနဲ့အတူ မာယာကို ထားချင်သလားဆိုတာ အကြိမ်ကြိမ် မေးမြန်းခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာ မာယာကို ဟက်စ်နာနဲ့ထားဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမယ့် ဟက်စ်နာကိုတော့ ရဲတွေက သံသယရှိနေကြဆဲ ဖြစ်ပါတယ်။

ဇီဇစ်က Dortmund ကိုပြောင်းဖို့ မြူးနစ်စခန်းမှာ ၁၄ ရက်လောက် စောင့်နေပေမယ့် အကြောင်းမထူးတာကြောင့် စခန်းက ခိုးထွက်ပြီး ရထားနဲ့ မာယာရှိရာကို သွားခဲ့ပါတယ်။ ရက်ပေါင်း နှစ်ဆယ်လောက် မာယာနဲ့ကွဲပြီး ပြန်တွေ့ရမှာ ဖြစ်ပါတယ်။ ဟက်စ်နာအိမ်ကို ဇီဇစ် ညသန်းခေါင်လောက်မှာ ရောက်သွားပါတယ်။

သမီးနဲ့ပြန်ဆုံပြီ

ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption ရက်ပေါင်းနှစ်ဆယ် မာယာနဲ့ကွဲကွာပြီး ပြန်လည်ဆုံတွေ့ရတာဖြစ်။

ကျမ မာယာကို တွေ့ရတော့ ပြောင်းလဲသွားတာ တွေ့ရပါတယ်။ သူ့ဆံပင်ပုံစံက တိုသွားပြီး နည်းနည်းပိန်သွားပါတယ်။ ကျမ သူ့ကို နမ်းလိုက်တော့ အိပ်နေရာက နိုးသွားပြီ စငိုပါတော့တယ်။ ကျမတို့က အနေဝေးသွားလို့ ကလေးက စိမ်းသွားပါတယ်။ ဟက်စ်နာဆီကိုပဲ သွားချင်နေပြီး ငိုနေတယ်။ ဒါပေမယ့် ကျမ အသံကိုတော့ သူမှတ်မိပုံရတယ်လို့ ဇီဇစ်က ပြောပါတယ်။

ဇီဇစ်က သူ့သမီးကို ၃ နာရီလောက်ဖက်ထားပြီး ကလေးမှာပါတဲ့ မွေးရာပါအမှတ်တွေကိုပါ သေချာပြန်ကြည့်ခဲ့ပါသေးတယ်။ ဒိနောက်ပိုင်းမှာတော့ သူတို့ဟာ Dortmund မြို့မှာ ဒုက္ခသည်အဖြစ် ပြန်လည် မှတ်ပုံတင်ပြီး ဘဝသစ်ကို စတင် ထူထောင်ခဲ့ကြပါတယ်။

လအနည်းငယ်လောက်ကြတော့ ဟက်စ်နာထံ စာတစ်စောင် ရောက်လာပါတယ်။ လူမှောင်ခိုရာမှာ ပါဝင်ပတ်သက်ကြောင်း စွဲချက်တင်ထားတာကို ကြားနာဖို့ တရားရုံးက ဆင့်ခေါ်စာဖြစ်ပါတယ်။

ကြားနာစစ်ဆေးတဲ့နေ့မှာတော့ တရားသူကြီးက ဟက်စ်နာကို လူမှောင်ခိုသူ အဘူ ရှာဟတ်နဲ့ အလုပ်တွဲလုပ်သလား၊ သူ့ဆီက ပိုက်ဆံရသလားဆိုတာတွေ မေးပါတယ်။

ဟက်စ်နာက မာယာဟာ သူ့နိုင်ငံက သူငယ်ချင်းဖြစ်သူရဲ့သမီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အခုလို ကလေးကို ကူညီတာဟာ လူကျင့်ဝတ်နဲ့အညီလုပ်တာဖြစ်ပြီး သူမှန်ကန်တယ်လို့ ခံယူကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption မိခင်နဲ့အတူ ပြန်လည်ဆုံဆည်းခွင့်ရ။

နောက်ဆုံးမှာတော့ တရားသူကြီးဖြစ်သူက ဟက်စ်နာကို တရားရုံးဆင့်ခေါ်ခဲ့မှုအပေါ် တောင်းပန်ပြီး လူမှောင်ခိုနဲ့ ပတ်သက်တဲ့ စွဲချက်တွေကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။

ဇီဇစ်နဲ့ မာယာဟာ ဒုက္ခသည်အဖြစ်နဲ့ Dortmund မြို့မှာ နေလာတာ အခုဆို တစ်နှစ်ရှိပြီ ဖြစ်ပါတယ်။ မာယာက ကျမထက် ဂျာမန်စကား ပိုတတ်တယ်၊ အခုတော့ သူပျော်နေပါပြီဆိုပြီး ဇီဇစ်က ပြောပါတယ်။ ကျမကတော့ ထောက်ပံ့မှုတွေကိုပဲ မီခိုမနေချင်ဘူး။ အခွန်ဆောင်ပြီး အလုပ်လုပ်ချင်ပါတယ်။ မာယာကိုလည်း ကျမလိုပဲ ဆရာဝန်ဖြစ်လာစေချင်ပါတယ် လို့ သူကဆိုပါတယ်။

ဇီဇစ်လည်း ဂျာမန်စာ သင်ယူနေပြီး သူစာကောင်းကောင်းတတ်တဲ့တနေ့ ဂျာမဏီနိုင်ငံမှာ ဆရာဝန်လုပ်ခွင့်အတွက် စာမေးပွဲဖြေဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ဟက်စ်နာကတော့ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းကောင်း တစ်ယောက်ပါလို့ ဇီဇစ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Eva Bartussek
Image caption ၉။ အခုတော့ မာယာ ပျော်နေပါပြီ။

အခုလို အန္တရာယ်တွေ ကြုံတွေ့ရပြီးတဲ့နောက် တယောက်ယောက်က သူတို့လည်း ဒီလို ခရီးကို စွန့်စားရမလားလို့ မေးလာရင် မလုပ်ပါနဲ့၊ ကျမလို ထွက်မလာပါနဲ့ အင်မတန် အန္တရာယ်များတဲ့ ခရီးလမ်းပါလို့ သူကပြောမှာဖြစ်တယ်လို့ ဇီဇစ်က ဖြေပါတယ်။