ဖီဖာ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲ ဖေဖော်ဝါရီမှာ လုပ်မယ်

  • 20 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာက သူ့ရဲ့ ဥက္ကဋ္ဌ နေရာ ရွေးချယ်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ် သွားဖို့ အတည်ပြု ဆုံးဖြတ် လိုက်ပါတယ်။

၁၉၉၈ ခုနှစ် ကတည်းက ဖီဖာ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဆပ်ဘလတ္တာရဲ့ နေရာကို ဘယ်သူ ဆက်ခံမလဲ ဆိုတာ အဲဒီ ရွေးကောက်ပွဲက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အကျင့်ပျက်မှု စွဲချက်တွေကြောင့် ၇၉ နှစ်အရွယ် ဆပ်ဘလတ္တာနဲ့ ဒုတိယ ဥက္ကဋ္ဌ မီရှယ် ပလာတီနီတို့ ရက်ပေါင်း ၉၀ ကြာ ရာထူးကနေ အနားပေး ခံထားရပါတယ်။ သူတို့ အားလုံးကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မီရှယ် ပလာတီနီဟာ ဖီဖာဥက္ကဋ္ဌ နေရာ ဝင်အရွေးခံဖို့ ရည်မှန်း ထားတာပါ။ ဒါပေမယ့် အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက် ဖြစ်တဲ့ အောက်တိုဘာ ၂၆ ရက်မှာ အနားပေး ခံထားရတဲ့ ရက် ၉၀ မပြည့်သေးတဲ့အတွက် ဝင်ပြိုင်ဖို့ အချိန်မီ ကြေညာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖီဖာ ရွေးကောက်ပွဲ ကော်မတီက အထူး အခွင့်အာဏာ သုံးပြီး သူ့ကို ဝင်ပြိုင်ခွင့် ပြုဖွယ် ရှိပါတယ်။

စုံစမ်းဆဲ အကျင့်ပျက်မှုတွေနဲ့ ပတ်သက်ပြီး ပိုမို ထင်သာ မြင်သာမှု ရှိဖို့အတွက် ကျင့်ဝတ် စည်းကမ်းပိုင်း ဆိုင်ရာ ပြင်ဆင်ချက် တခု လုပ်ဖို့လည်း ဇူးရစ်ချ် မြို့မှာ ပြုလုပ်တဲ့ ဖီဖာ အစည်းအဝေးမှာ အတည်ပြု ခဲ့ပါတယ်။

ဖီဖာ ဥက္ကဋ္ဌ တစ်ယောက်ရဲ့ အများဆုံး ရာထူးသက်တမ်းကို ၁၂ နှစ်အထိသာ သတ်မှတ်ဖို့နဲ့ အသက်အရွယ် ကန့်သတ်ချက်ကို ၇၄ နှစ် သတ်မှတ်ဖို့လည်း ဖီဖာရဲ့ ပြုပြင် ပြောင်းလဲရေး ကော်မတီက အဆိုပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ