တရုတ်သမ္မတ ခရီး ဒေါ်လာဘီလျံချီ စာချုပ်ချုပ်

  • 21 အောက်တိုဘာ 2015
Hinkley Point ဓာတ်ပုံ မူပိုင် PA
Image caption Hinkley Point အဏုမြူ စက်ရုံ စီမံကိန်း တရုတ်ပါလာ

တရုတ် သမ္မတ ရဲ့ ဗြိတိန် ခရီးစဉ် အတွင်း ဒေါ်လာ ဘီလျံ ၆ဝ ကျော် တန်ဖိုးရှိတဲ့ စီးပွားရေး သဘောတူ စာချုပ်တွေ သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

ဒီ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီ စာချုပ်တွေထဲမှာ အင်္ဂလန် ဆမ်းမားဆက်နယ်က Hinkley Point အဏုမြူ စက်ရုံ တည်ဆောက်ဖို့က အထင်ရှားဆုံး ဖြစ်ပါတယ်။

ဒီအတွက် ကုန်ကျမယ့် ဒေါ်လာ ဘီလျံ ၃ဝ လောက်မှာ တရုတ်ပြည်က ရာခိုင်နှုန်း ၃ဝ ထည့်ဝင်မှာပါ။

နောက် လန်ဒန်က ကာဗွန် ထုတ်လွှတ်မှု နည်းတဲ့ အငှားကား အနက်တွေနဲ့ အက်စ်တန် မာတင်လို ဇိမ်ခံ ပြိုင်ကား လုပ်ငန်းတွေမှာလည်း တရုတ်က ဝင် ရင်းနှီးမြှုပ်နှံဖို့ ရှိပါတယ်။ ဗြိတိန်ဘက်ကလည်း ဂျက်ဂွား ကားကုမ္ပဏီက တရုတ်ပြည်မှာ စက်ရုံသစ် ဆောက်ဖို့ ရှိသလို အဲဒီက ချယ်ရီ ကားကုမ္ပဏီ နဲ့လည်း ဖက်စပ် လုပ်ကိုင် နေပါတယ်။

Rolls-Royce ကုမ္ပဏီ ကလည်း တရုတ်ပြည်က A330 Airbus လေယာဉ်ကြီး တွေအတွက် အင်ဂျင်စက်ကြီးတွေ တည်ဆောက် ပေးဖို့ ဒေါ်လာ သန်း ၂ဝဝဝ ကျော် သဘောတူ စာချုပ်ချုပ်ခဲ့ပါတယ်။

ဒေါ်လာ ၁ဝ သန်းတန် LNG ဓာတ်ငွေ့တွေ တနှစ်ကို တန် တသန်းနဲ့ တရုတ်ပြည်ကို အနှစ် ၂ဝ ပို့ပေးဖို့ BP ဗြိတိသျှ ရေနံကုမ္ပဏီကြီးနဲ့ တရုတ်က Huadian ကုမ္ပဏီတို့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒေါ်လာ ၁၈ ဘီလျံ ကျော် ရေနံနဲ့ ဓာတ်ငွေ့ သဘောတူ စာချုပ် တွေ တရုတ် သမ္မတ ခရီးစဉ်အတွင်း ချုပ်ဆို ခဲ့တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။

ဒေါ်လာ သန်း ၃ဝဝ တန် ကစားကွင်းကြီး တခုကိုလည်း ရှန်ဟနိုင်း မြို့နားမှာ ဗြိတိသျှ ကုမ္ပဏီ တွေနဲ့ တရုတ် ဖက်စပ် လုပ်ကြဖို့ ရှိပါတယ်။

လန်ဒန် အရှေ့ပိုင်းမှာ စီးပွားရေး ရပ်ကွက်သစ် တခု ပေါ်ပေါက်လာဖို့ ABP နဲ့ CITIC တရုတ် စီးပွားရေး လုပ်ငန်းတွေက စီစဉ် နေကြပါတယ်။ ဒီအတွက် တရုတ်က ထက်ဝက် ကျခံဖို့ ရှိပြီး တခြား လမ်းတံတားနဲ့ အိမ်ရာ ဆောက်လုပ်ရေးလို စီမံကိန်းကြီးတွေကို ဗြိတိန် တဝှမ်း တရုတ်က တည်ဆောက်သွားဖို့ ကြိုးစား နေပါတယ်။

လန်ဒန်က Lloyd's အာမခံ လုပ်ငန်း၊ အပျော်စီး သင်္ဘောလိုင်း လုပ်ငန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေမှာလည်း ရင်းနှီး မြှုပ်နှံကြဖို့ တရုတ်နဲ့ ဗြိတိန်ကြား သဘောတူ လက်မှတ် ထိုးခဲ့ကြပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာဟာ ၂ နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာလာဖို့လုပ်တာလို့ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။ ဒါပေမဲ့ ၂ နိုင်ငံ ခေါင်းဆောင်တွေကြား သံမဏိလုပ်ငန်း စျေးကွက်ပျက်နေတာနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်ပြည်က ဗြိတိန်မှာ လာ ရင်းနှီးမြှုပ်နှံရုံသာမက ဗြိတိန် ဘက်ကလည်း တရုတ်ကို စျေးကွက်ချဲ့ထွင်သင့်ကြောင်း ကင်မရွန်းက ပြောကြား ခဲ့တာပါ။

တရုတ် သမ္မတ ရှီကျင်းပင်ကတော့ လူ့အခွင့်အရေး ကို တရုတ်နိုင်ငံရဲ့ ပကတိ အနေအထားနဲ့ ဆီလျော်အောင် ပေါင်းစပ် ကျင့်သုံးတယ် လို့ ပြောပါတယ် ။

တရုတ် သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ဗြိတိန် ဘက်က လူ့အခွင့်အရေး ကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့ပေမယ့် တိတိကျကျ စိုးရိမ်ပူပန်ကြောင်း မပြသခဲ့ဘူးလို့လည်း ဗြိတိန်ဘက်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ