ယူကေ နျူစက်ရုံအတွက် တရုတ် လက်မှတ်ထိုးဖို့ရှိ

  • 21 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ကုန်သွယ်ရေး ဆွေးနွေးမှုတွေအတွက် နံပါတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံ။

ယူကေ နိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင်းပင်ဟာ ယူကေရဲ့ နျူကလီးယား စက်ရုံသစ် တည်ဆောက်မှုမှာ တရုတ် နိုင်ငံက ထည့်ဝင် ရင်းနှီးမယ့် သဘောတူ စာချုပ်ကို လက်မှတ် ထိုးဖို့ ရှိပါတယ်။

အသစ် တည်ဆောက်မယ့် အဲဒီ နျူ စက်ရုံကို ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး ကုန်ကျစရိတ် အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို တရုတ် နိုင်ငံက ထည့်ဝင် ရင်းနှီးမှာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင်းပင်ရဲ့ ယူကေ ခရီးစဉ် ဒုတိယမြောက်နေ့ ဖြစ်တဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ အတွက် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဒေါင်းနင်းလမ်းမှာ လက်ခံ တွေ့ဆုံ နေပါတယ်။

မစ္စတာ ကင်မရွန်က တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး မစ္စတာ ရှီကျင်းပင်နဲ့ ဆွေးနွေးဖို့ နောက်တွန့်မှာ မဟုတ်ဘူးလို့ ပြောပေမယ့် ဝေဖန်သူတွေကတော့ ထိထိရောက်ရောက် ပြောဆိုမယ့် အလားအလာ မရှိဘူးလို့ ဝေဖန် နေကြပါတယ်။

တရုတ် သမ္မတရဲ့ ၄ ရက်တာ ယူကေ ခရီးစဉ် အတွင်း တရုတ်နဲ့ ယူကေ နှစ်နိုင်ငံ အကြား ပေါင် ဘီလျံ ၃၀ ကျော် တန်ကြေး ရှိမယ့် သဘောတူ စာချုပ်တွေကို လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ