တရုတ်သမ္မတကို ဗြိတိသျှဘုရင်မကြီး ညစာတည်ခင်း

  • 21 အောက်တိုဘာ 2015
state_banquet ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ်သမ္မတ ကို ဧည့်ခံပွဲ

တရုတ်သမ္မတကြီး Xi Jinping နဲ့ သမ္မတ ကတော် တို့ကို ဘုရင်မကြီး Elizabeth က မနေ့ ညနေ အောက်တိုဘာလ ၂၀ ရက်နေ့ က Buckingham နန်းတော် မှာ ညစာစားပွဲ နဲ့ ဂုဏ်ပြု ဧည့်ခံခဲ့ပါတယ်။ ဘုရင်မကြီး က ကြိုဆိုမိန့်ခွန်း ပြောရာမှာ သမ္မတကြီး ရဲ့ ခရီးစဉ် ဟာ နှစ်နိုင်ငံ ကြားမှာ ဒီနှစ် အတွက် မကြုံစဖူး ထူးကဲတဲ့ ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အထိမ်းအမှတ် အဖြစ် သတ်မှတ်လို့ ရကြောင်း ပြောပါတယ်။

တရုတ်သမ္မတကြီးကလည်း တရုတ်နိုင်ငံ နဲ့ ယူကေနိုင်ငံ ဟာ လုံခြုံရေး ကောင်စီမှာလည်း အမြဲတန်း အဖွဲ့ဝင်တွေ ဖြစ်တဲ့ အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကို တာဝန်ယူ ဆောင်ရွက်နေတဲ့ အကြောင်း ထည့်သွင်း ပြောသွားပါတယ်။

နေ့လယ်ပိုင်းကလည်း ဗြိတိသျှ လွှတ်တော် နှစ်ရပ်စလုံး မှာ သမ္မတXi Jinping က ၁၁ မိနစ်ကြာ မိန့်ခွန်းပြောပါတယ်။ ဗြိတိသျှ အစိုးရ အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေး မှာ ကုန်သွယ်ရေး နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံ မှု ကို သာ အဓိက ထား ဆွေးနွေး လိုတာပါ။ အထူးသဖြင့် တရုတ်နိုင်ငံ ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်း ကို ထည့်သွင်း ဆွေးနွေးလိုစိတ် မရှိပါဘူး။

ဒါပေမဲ့ လွှတ်တော်ဥက္ကဌ ဂျွန်ဘာကိုး ကတော့ အခွင့်သာတုန်း ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခွင့် ရရေး ကို မွေးဗီဇ ပါလာတဲ့ အတိုင်း တစိုက်မတ်မတ် လုပ်ကိုင်သူ အဖြစ် ချီးကျူးစကား ထည့်သွင်း ပြောသွားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မှာ တော့ သမ္မတကြီး ဟာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။ ဆွေးနွေးချက်ထဲမှာ အဏုမြူစွမ်းအင် စက်ရုံ အသစ် စီမံကိန်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူ လက်မှတ်ရေးထိုးရေး ပြင်ဆင်ထားတဲ့ အကြောင်း သိရပါတယ်။