IS တွေအပေါ် မြေပြင်စီးနင်းမှု ထပ်လုပ်လာနိုင်တယ်လို့ အမေရိကန်ပြော

  • 24 အောက်တိုဘာ 2015
john_allen ဓာတ်ပုံ မူပိုင် Getty
Image caption IS အဖွဲ့ကို တိုက်ခိုက် နေတဲ့ နိုင်ငံတကာ မဟာမိတ် တပ်ပေါင်းစု ရဲ့ အကြီးအကဲ အမေရိကန် စစ်ဗိုလ်ချူပ် John Allen ရာထူး ကနေ နှုတ်ထွက်။

အီရတ် နိုင်ငံ မြောက်ပိုင်းမှာ ပြုလုပ် ခဲ့တဲ့ အမေရိကန် စစ်တပ်ရဲ့ အထူး ကွန်မန်ဒို စစ်ဆင်ရေး ကို သူ အမိန့်ပေး ခိုင်းစေ ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာ က ပြောလိုက်ပြီး အလားတူ စီးနင်းမှု တွေ ပိုမို ဖြစ်ပေါ် လာဖို့ မျှော်လင့် ထားတယ် လို့လည်း ဆိုပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က သတ်ဖြတ် ပစ်ဖို့ ကျင်းတွေတောင် တူးထား ပြီးနှင့်တဲ့ အကျဉ်းသား ၇၀ ကို ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင်တွေ နဲ့ အမေရိကန် စစ်သားတွေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပူးတွဲ လုပ်ခဲ့တဲ့ အဲဒီ့ စစ်ဆင်ရေး ကနေ ကယ်တင် နိုင်ခဲ့ ပါတယ်။

အခုလို မြေပြင် စီးနင်းမှု ပြုလုပ် ခဲ့တာ ဟာ IS အဖွဲ့ အပေါ် အမေရိကန် ကိုင်တွယ်တဲ့ ဗျူဟာ ပြောင်းလဲ သွားတယ် လို့ မပြော နိုင် ပေမယ့် နောင် အနာဂတ် မှာလည်း အခွင့်အရေး ရလာရင်တော့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေ အနေနဲ့ အလားတူ ဆောင်ရွက်မှု မျိုးတွေ ပြုလုပ် နိုင်တယ် လို့ မစ္စတာ ကာတာ က ပြောပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ် နဲ့ ဆီးရီးယား နိုင်ငံထဲ က IS အဖွဲ့ကို တိုက်ခိုက် နေတဲ့ နိုင်ငံတကာ မဟာမိတ် တပ်ပေါင်းစု ရဲ့ အကြီးအကဲ အမေရိကန် စစ်ဗိုလ်ချူပ် John Allen ရာထူး ကနေ နှုတ်ထွက် သွားပြီး သူ့ နေရာ မှာ လက်ထောက် ဖြစ်သူ Brett McGurk ကို အစားထိုး ခန့် ထားလိုက် ပါတယ်။

ဗိုလ်ချုပ်ကြီး John Allen ဟာ ရာထူး သက်တမ်း တစ်နှစ် ကျော် မှာ အခုလို နှုတ်ထွက် သွားတာ ဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံ ပါဝင်တဲ့ မဟာမိတ် တပ်ပေါင်းစု ကို ဟန်ချက် ညီညီ ပေါင်းစပ် နိုင်ခဲ့တဲ့ စွမ်းဆောင် ရည် အတွက် ချီးကျူး ခံရသူ တစ်ဦး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ