ထိုင်းဘုရင် မိသားစုကို အကြည်ညို ပျက်အောင်လုပ်သူတွေကို ထပ်ဖမ်းဖို့ရှိ

  • 28 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အိမ်ရှေ့စံမင်းသားရဲ့ အမည်ကို သုံးပြီး ကိုယ်ကျိုးရှာခဲ့တယ် ဆိုတဲ့ ဗေဒင်ဆရာအပေါ် သက်သေ အထောက်အထားတွေနဲ့ ရဲကတရားစွဲ

ထိုင်းအိမ်ရှေ့စံမင်းသား Vajiralongkorn ရဲ့ အမည်ကို အလွဲသုံးစားလုပ်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သူတွေကို နောက်ထပ် ဖမ်းဆီး အရေးယူမှုတွေ လုပ်ဖို့ ရှိတယ်လို့ ထိုင်းရဲက ပြောပါတယ်။

ထိုင်းဘုရင့် မိသားစုကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ နာမည်ကျော် ဗေဒင်ဆရာတဦး အပါအဝင် လူ၃ဦးကို ထိုင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စွဲချက် တင်လိုက်ပါတယ်။

အဲဒီထဲမှာပါတဲ့ အထင်ကရ ရဲတဦးကတော့ ထိန်းသိမ်းခံထားရစဉ် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သေဆုံးသွားခဲ့ပါတယ်။ သူ့ရှပ်အင်္ကျီနဲ့ပဲ သူ့ကိုသူ သတ်သေသွားတာလို့ ထိုင်းရဲက ပြောပါတယ်။

ထိုင်းဘုရင့်မိသားစု ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံထားရသူတွေရဲ့ အမှုတွေနဲ့ ပတ်သက်လို့ အတိအလင်း ထုတ်ဖော်ပြောတာမျိုး အရင်က သိပ်မရှိခဲ့ပေမယ့် ဒီအမှုမှာတော့ ထိုင်းအာဏာပိုင်တွေက လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ထိုင်းရဲချုပ်ကြီး ဂျက်တစ် ချိုင်ချင်ဒါက ဒီအမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ရှင်းပြသွားသလို အဲဒီ ဗေဒင်ဆရာကို တရားစွဲရာမှာ သက်သေ အထောက်အထားတွေအဖြစ် အဘိုးတန် ဂစ်တာတွေ ၊ သေနတ်တွေ၊နာရီတွေ၊ အဆောင်လက်ဖွဲ့တွေ တပုံကြီးကိုလည်း ချပြသွားခဲ့ပါတယ်။

သူ့ကို မဖမ်းဆီးခင်အထိ အဲဒီဗေဒင်ဆရာဟာ ထိပ်တန်း အစိုးရ အရာရှိတွေနဲ့ အဝင်အထွက် ရှိခဲ့ပြီး အိမ်ရှေ့စံမင်းသား ကို လူထု ပိုကြည်ညိုလေးစားလာအောင် စည်းရုံးပြောဆိုမှုတွေမှာ အထင်ကရအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အခု သူဟာ အိမ်ရှေ့စံမင်းသားရဲ့ အမည်ကို သုံးပြီး ထိုင်းကုမ္ပဏီကြီးတချို့ဆီကနေ ငွေတောင်းတာတွေ လုပ်ခဲ့တယ် ဆိုပြီး ရဲက ပြောပါတယ်။ဒါပေမယ့်လည်း အသေးစိတ်ကို ရေရေရာရာ ပြောမသွားပါဘူး။

တခါ ထိန်းသိမ်းခံထားရတဲ့ ရဲအရာရှိ ဘယ်လို သေဆုံးသွားတာလဲ ဆိုတာကိုလည်း အသေအချာ ရှင်းပြမသွားသလို သီးခြားလွတ်လပ်တဲ့ သေမှုသေခင်း စစ်ဆေးမှု လုပ်ပေးဖို့ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

ဒီအမှုဟာ မနှစ်တုန်းက အိမ်ရှေ့စံမင်းသားနဲ့ ကွဲနေတဲ့ ကြင်ယာတော်ဟောင်းနဲ့ မိသားစု အပေါ် စွဲဆိုခဲ့တဲ့ အမှုနဲ့ အတော်လေး ဆင်တူနေတာ တွေ့ရပါတယ်။

သူတို့ကိုလည်း အိမ်ရှေ့စံမင်းသားရဲ့ အမည်ကို သုံးပြီး အမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲ ထားတာပါ။ အဲဒီ အမှုမှာ ပါတဲ့ အဓိက ရဲအရာရှိ သေဆုံးခဲ့မှုကလည်း ပဟေဠိ ဆန်နေပါတယ်။

ထိုင်းနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဥပဒေအရ သတင်းသမားတွေ အနေနဲ့ ထိုင်းဘုရင့် မိသားစုအပေါ် အဆိုးသဘော တစုံတရာ မကောင်း ပြောခွင့် မရှိပါဘူး။

ဒါပေမယ့်လည်း ထီးနန်း အုပ်ချုပ် စိုးစံလာတာ နှစ်ပေါင်း ၆၉နှစ် ရှိနေပြီ ဖြစ်တဲ့ ဘူမိဘော ဘုရင်ရဲ့ ကျန်းမာရေး အကြီးအကျယ် ချွတ်ယွင်းလာနေတာကတော့ ဖုံးကွယ်ထားလို့ မရပဲ ထိုင်းပြည်သူတွေကြားမှာ အတော့်ကို စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ ဘီဘီစီ သတင်းထောက် Johnathan Head က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ